လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော လူဆိုးလူမိုက်တစ်ဦးအား ဓားလက်နက်နှင့်အတူ ဖမ်းဆီးရမိ


ရန်ကုန်၊ နိုဝင်ဘာ ၉

အများပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး အတွက် စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိရာ လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ လူဆိုးလူမိုက် ကြက်ဖကြီး(ခ)အောင်မျိုးသိန်းအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပါသည်။

ကြက်ဖကြီး(ခ)အောင်မျိုးသိန်းမှာ ၂၉.၁၂.၂၀၁၅ ရက်နေ့ ၂၂၀၀ အချိန်ခန့်က ရွှေပြည်သာမြို့နယ်ရှိ ပွဲဈေးလမ်းထိပ်တွင် ခိုက်ရန်ဖြစ်ပွားသဖြင့် ဓားထိုးခံရသူ ကိုအောင်အောင်(ခ)အောင်ထွန်းမှာ အင်းစိန်ဆေးရုံတွင်
ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ရာ လှော်ကားနယ်မြေရဲစခန်း (ပ)၅၀၁/၂၀၁၅၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာမှ ကတုံး(ခ)လက်မဲ(ခ)ကရင်(ခ)စိုးမင်းဦး၊ ဖိုးသာထူး(ခ)လွင်မျိုးအောင်(ခ) ချစ်သက်ထွန်းတို့နှင့်အတူ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားခံပြေးအဖြစ် တရားစွဲတင်ပို့ထားသူ ဖြစ်သည်။

တရားခံပြေး ကြက်ဖကြီး(ခ)အောင်မျိုးသိန်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ၅.၁၁.၂၀၁၆ ရက်နေ့ ၁၀၅၀ အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း၊ မြင်းလှည်းဂိတ်အနီး၌ ယာဉ်အမှတ် 2F ---- NISSAN VANETTE ယာဉ်ဖြင့်မောင်းနှင်လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၎င်းထံမှ အရိုးအသွား ၁၄ လက်မခန့်ရှိ ၂ ဖက်သွား ဓားတစ်ချောင်းအား သိမ်းဆည်းရမိခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း (ပ)၁၂၇၂/ ၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ-၁၉(င) ဖြင့် ထပ်မံအမှုဖွင့် အရေးယူခဲ့သည့်အပြင် ထွက်ပြေးတိမ်းရှောင်နေသော လူသတ်မှုဖြင့်လည်း ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော လူဆိုးလူမိုက်တစ်ဦးအား ဓားလက်နက်နှင့်အတူ ဖမ်းဆီးရမိ  လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော လူဆိုးလူမိုက်တစ်ဦးအား ဓားလက်နက်နှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.