ရန်ကုန်တိုင်း မြို့နယ်အားလုံးတွင် ဇီကာဗိုင်းရပ်စ်အန္တရာယ် လုံးဝစိတ်ချရသည်အထိ ခြင်နှိမ်နင်းရေး လုပ်ဆောင်မည်ဟုဆို


ဇီကာရောဂါပိုးကူးစက်ခံထားရသည့် နိုင်ငံခြားသူအမျိုးသမီးတဦးကိုတွေ့ရှိပြီးနောက် သူမနေထိုင်ရာပတ်ဝန်းကျင်အပြင် ရန်ကုန်တိုင်း မြို့နယ်အားလုံးတွင် ခြင်နှိမ်နင်းရေးကို နိုဝင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ စီမံချက်ဖြင့်လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဒုတိယပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်နန်းလုံက ပြောသည်။

“ဒါက အမြန်ဆုံးလုပ်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ ကျွန်မတို့ဌာနအနေနဲ့က ဇီကာနဲ့ပတ်သက်လို့ လုံးဝ စိတ်ချရတဲ့အထိ လုပ်ဆောင်သွားမှာပါ။ သက်ဆိုင်ရာရပ်ကွက်အလိုက် ကျောင်းတွေအလိုက်ကို လုပ်သွားမှာပါ။ ခြင်ကျားလောက်လန်းတကောင်ဟာ ၁ လခွဲအတွင်း သူ့မျိုးဆက် ၇ ဆက်အတွက် ခြင်ပေါင်းကုဋေနဲ့ချီပြီး ပေါက်ဖွားနိုင်တယ်။ ဒါကို အသိပညာများများပေးမယ့် ဒီလိုသိလာရင် ကိုယ့်အိမ်ကိုယ်နေသူတွေကလည်း နှိမ်နင်းရကောင်းမှန်းသိလာမယ်။ ကျွန်မတို့အနေနဲ့လည်း ခြင်ကြားတကောင်မှ မတွေ့တဲ့အထိ နှစ်လသုံးလအချိန်ယူပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်“ဟု ၎င်းကပြောသည်။

ဗိုင်းရပ်စ်တွေ့ရှိသည့်နိုင်ငံခြားသူနေထိုင်သွားလာခဲ့သည့် စမ်းချောင်းမြို့နယ်အတွင်းမှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူရှိမရှိကို စစ်ဆေးခဲ့ပြီး လက်တလော ကူစက်ခံထားရသူမရှိဟု ၄င်းကဆက်လက်ပြောကြားသည်။

“ဒီရောဂါက လူ ၅ ယောက်မှာ ၁ ယောက်ပဲ လက္ခဏာပြတယ်ဆိုတော့ တွေ့သမျှလူတိုင်းကို လိုက်စစ်ဖို့တော့ မဖြစ်နိုင်ဘူး။ ရောဂါလက္ခာပြတဲ့သူကိုတော့ ချက်ချင်းစစ်ပါတယ်။ လက်ရှိတော့ ရောဂါပိုးကူးစက်ခံထားရသူမရှိဘူး။ သူနေသွားတဲ့ပတ်ဝန်းကျင်ကိုလည်း ခြင်နှိမ်နင်းရေး နှစ်ကြိမ် တိုင်တိုင်လုပ်ထားပါတယ်။ ခြင်ပျံနိုင်တဲ့ကိုက်သုံးရာအတွင်းကို ခြင်နှိမ်နင်းရေး ၂ ကြိမ်လုပ်ထားပြီးပါပြီ”ဟု ၎င်းကပြောသည်။

စီမံချက်အနေနဲ့ ခြင်ကြားဖြစ်လာမည့် ခြင်ကြားလောက်လန်းပပျောက်ရေးကို ဦးတည်လုပ်ဆောင်သွားမည့်အပြင် မြို့နယ်အလိုက် ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ရက်ကွက်အလိုက် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာခင်နန်းလုံက ပြောသည်။

အောက်တိုဘာ ၂၇ ရက်နေ့က ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည့် နိုင်ငံခြားသူအမျိုးသမီး၏ ဆီးနှင့်သွေးတို့တွင် ရောဂါပိုးရှိနေသည်ကိုတွေ့ရှိခဲ့ပြီးနောက် သူမနေထိုင်သွားလာခဲ့သောပတ်ဝန်းကျင်မှ ဖျားနာသူ ၃၂ ဦးခန့်ကို စစ်ဆေးပြီးဖြစ်ကြောင်းလည်း သိရသည်။

ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ရန်ကုန်တိုင်း မြို့နယ်အားလုံးတွင် ဇီကာဗိုင်းရပ်စ်အန္တရာယ် လုံးဝစိတ်ချရသည်အထိ ခြင်နှိမ်နင်းရေး လုပ်ဆောင်မည်ဟုဆို ရန်ကုန်တိုင်း မြို့နယ်အားလုံးတွင် ဇီကာဗိုင်းရပ်စ်အန္တရာယ် လုံးဝစိတ်ချရသည်အထိ ခြင်နှိမ်နင်းရေး လုပ်ဆောင်မည်ဟုဆို Reviewed by THITHTOOLWIN on 15:42 Rating: 5
Powered by Blogger.