မြန်မာအပေါ်သဘောထား မပြောင်းလဲဟု အမေရိကန်သံအမတ်ကြီးပြော

ယနေ့ အခမ်းအနားသို့ လာရောက်သူများနှင့်အတူ ဓာတ်ပုံရိုက်ခဲ့သည့် သံအမတ်ကြီး Scot Marciel ။ ။ ဓာတ်ပုံ-US.Embassy
ရန်ကုန်၊နိုဝင်ဘာ ၉

အမေရိကန်နိုင်ငံတွင် ပေါ်ထွက်လာသည့် အစိုးရမှာ မည်သူဖြစ်စေ၊ မည်သည့်ပါတီဖြစ်စေ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်ကို ကူညီပေးမည့် သဘောထား ပြောင်းလဲမည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marcielက ပြောကြားလိုက်သည်။

နိုဝင်ဘာ ၉ရက်တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲ တိုက်ရိုက်စောင့်ကြည့်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဒီပေါ်လစီတွေက ဘယ်သူပဲ ချမှတ်ချမှတ် ပါတီနှစ်ခုလုံးရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးလိုတဲ့ သဘောထားကတော့ ပြောင်းလဲမှာမဟုတ်ဘူး" ဟု အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောကြားခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲ တိုက်ရိုက်စောင့်ကြည့်ခြင်းအစီအစဉ်ကို ရန်ကုန်မြို့ရှိ အမေရိကန် သံအမတ်ကြီးနေအိမ်တွင်သာမက ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၊ မန္တလေးမြို့ရှိ ဂျက်ဖာဆန် စင်တာတို့တွင် ပါ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

" မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ် ဒီလိုရက် ဒီလိုအချိန်မှာပဲ သမိုင်းဝင် ရွေးကောက်ပွဲကြီးလုပ်နေတာနဲ့ တိုက်ဆိုင်နေခဲ့တာ အင်မတန်ကို အမှတ်ရစရာပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးကို အားကြိုးမာန်တက် လှုပ်ရှား ခဲ့ကြသူ အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ရော ၊ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲအတွက်ရော ဒီမှာစုဝေး ခွင့်ရတာဟာ အင်မတန်မှ ၀မ်းမြောက်ဖွယ်ပါ" ဟု အခမ်းအနား၏ အဖွင့်အမှာစကားအဖြစ် သံအမတ်ကြီးက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလေကန်ပါတီမှ ဒေါ်နယ်ထရမ့်က အနိုင်ရရှိခဲ့ပြီး ၄င်းသည် လာမည့် ဇန်န၀ါရီလတွင် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

သဇင်လှိုင်
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
မြန်မာအပေါ်သဘောထား မပြောင်းလဲဟု အမေရိကန်သံအမတ်ကြီးပြော  မြန်မာအပေါ်သဘောထား မပြောင်းလဲဟု အမေရိကန်သံအမတ်ကြီးပြော Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.