ဧရာဝတီမြစ်အတွင်း ဆိပ်ကမ်းကပ်ထားသည့် မော်တော်အား ဓါးပြတိုက်သူ ၄ ဦး လွတ်မြောက်လျက်ရှိ


မန္တလေး၊ နိုဝင်ဘာ ၂၀။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် သံဘိုကျေးရွာအရှေ့ဘက် ဧရာဝတီမြစ်သောင်ခုံတွင် ဆိပ်ကမ်းကပ်ထားသည့် မော်တော်တစ်စီးကို တုတ်ဓားလက်နက်များဖြင့် လူငါးဦးက ဓါးပြတိုက်ခဲ့ပြီး ယင်းကျူးလွန်ခဲ့သူများထဲမှ လေးဦးမှာ ထွက်ပြေး လွတ်မြောက်နေကြောင်း ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့ က သိရသည်။

အခင်းဖြစ်သည့်အချိန်သည် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီခန့်ဖြစ်ပြီး ကမ်းကပ်ထားသည့် မော်တော်ပေါ်သို့ လူငါးဦးက တုတ် ၊ ဓါး ၊ လေးခွများဖြင့်တက်လာကာ လှေပိုင်ရှင်မိသားစုထံမှ လက်ကိုင်ဖုန်း အပါအဝင် ၃၂၂၇၀၀၀ ကျပ်တန်းဖိုးရှိ ပစ္စည်းများကို လုယူခဲ့ကြောင်း သိရသည်။

"ပြစ်မှုကျူးလွန်သူ ငါးယောက်ထဲက တစ်ယောက်ကို အခင်းဖြစ်ပြီးနောက်နေ့ မနက် ကိုးနာရီလောက်မှာ နောက်ကြည့်ကျွန်းအနီးက ရိပ်သာကျွန်းမှာပဲ ဖမ်းမိခဲ့ပါတယ်။ ကျန်တဲ့လေး ယောက်ကို ဖမ်းမိဖို့ နယ်မြေခံစခန်းတွေနဲ့ ပေါင်းစပ်ပြီး အမြန်ဆုံးဖမ်းစီးရမိရေး လုပ်ဆောင်နေပါတယ်"ဟု ရေကြောင်းရဲတပ်ဖွဲ့ (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး မော်တော်ပိုင်ရှင်မှ တရားလိုပြုလုပ်၍ (ပ)၂၉၁/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျောက် ပုသိမ်ကြီးမြို့နယ် ၊ တံတားဦးမြို့နယ် ၊ မတ္တရာမြို့နယ် နှင့် စဉ်ကူးမြို့နယ် အတွင်းရှိ သောင်ခုံများတွင် ညအိပ်ရပ်နားသည့် မော်တော်များ ၊ သင်္ဘောများကို ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar
ဧရာဝတီမြစ်အတွင်း ဆိပ်ကမ်းကပ်ထားသည့် မော်တော်အား ဓါးပြတိုက်သူ ၄ ဦး လွတ်မြောက်လျက်ရှိ  ဧရာဝတီမြစ်အတွင်း ဆိပ်ကမ်းကပ်ထားသည့် မော်တော်အား ဓါးပြတိုက်သူ ၄ ဦး လွတ်မြောက်လျက်ရှိ Reviewed by THITHTOOLWIN on 08:27 Rating: 5
Powered by Blogger.