ကွတ်ခိုင်မြို့အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

KIA/TNLA သောင်းကျန်းသူအဖွဲ့များက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကွတ်ခိုင်မြို့အတွင်း ကျရောက်ပေါက်ကွဲ
နေပြည်တော် ၊ နိုဝင်ဘာ - ၂၁

၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် ညနေ ၄ နာရီခန့်တွင် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသရှိ ကွတ်ခိုင်တပ်နယ်အတွင်းသို့ KIA/TNLA သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီးဖြင့် ၃ ချက် လာရောက်ပစ်ခတ်ခဲ့ရာ နယ်မြေခံတပ်မှ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့သဖြင့် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရန်သူပစ်ခတ်မှုရပ်တန့်သွား ခဲ့သည်။ ၎င်းသောင်းကျန်းသူများ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များသည် ကွတ်ခိုင်မြို့စွန်တွင် ကျရောက်ပေါက်ကွဲပြီး ယင်းကျည်များအနက် ၆၀ မမဗုံးသီးတစ်လုံးမှာ ပေါက်ကွဲခြင်း မရှိဘဲ ကွတ်ခိုင်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ဒေါ်ဂွမ်းခေါန်၏ နေအိမ်မီးဖိုဆောင်အုတ်နံရံ ခြေမှ မြေကြီးတွင် စိုက်ဝင်သွားခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။


ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ကြူကုတ်(ပန်ဆိုင်း)ရှိ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်းအား KIA သောင်းကျန်းသူအဖွဲ့မှ အင်အား ၂၀ ဦးခန့်က လက်နက်ကြီးဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ တပ်မတော်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး လိုက်လံ ရှင်းလင်းခဲ့ရာ ရန်သူများ တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း KIA/MNDAA နှင့် TNLA သောင်းကျန်းသူ အဖွဲ့များပူးပေါင်း၍ တပ်မတော်စခန်းများ၊ ရဲကင်းစခန်းများသာမက ပြည်ထောင်စုကားလမ်းနှင့် အပြစ်မဲ့ပြည်သူများ သွားလာ လှုပ်ရှားသည့် နေရာများကိုပါ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်လာသောကြောင့် တပ်မတော်စစ်ကြောင်း များက ဖြန့်ခွဲ နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ကွတ်ခိုင်မြို့အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ  ကွတ်ခိုင်မြို့အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.