လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရ မှု လေးနှစ်ပြည့် ဆန္ဒပြ

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲခံရမှု လေးနှစ်ပြည့် အထိမ်းမှတ်အနေနဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လက်ပံတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောက်ရှောက်ရေးကော်မတီအဖွဲ့ဝင်တွေ လမ်းလျှောက်ဆန္ဒပြစဉ်။ Photo: Htet Arkar/RFA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တဲ့ သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံရတဲ့ ၄ နှစ်ပြည့်အဖြစ် မီးလောင်ဗုံးတရားခံ ဖော်ထုတ်ပေးဖို့နဲ့ သီးနှံလျော်ကြေးပေးဖို့ ဒီနေ့ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုတဲ့ ဒေသခံ ၁၀၀ကျော်ကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။
ဝမ်ပေါင်ကုမ္ပဏီရှေ့ကို သွားရာလမ်းမှာတင် တားဆီးခံနေရတာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ တုံရွာမက မမာချို က ပြောပါတယ်။

"ဝမ်ပေါင်ရှေ့မှာ ၂ နာရီကနေ ၅ နာရီအထိ ဆန္ဒပြနေပါတယ်။ သူတို့ကတော့ လမ်းဆုံမှာတင် တားတာ။ ကျမတို့ကတော့ ကျမတို့ မီးလောင်ဗုံးပစ်ခံထားရတဲ့ သပိတ်စခန်းနေရာအထိ အရောက် သွားနေပါတယ်။ အခုဟာကတော့ တားရင်းနောက်ဆုတ်ရင်း တားရင်းတိုးရင်း ဆုတ်ရင်းပေါ့။ ဦးပိုင်ဘက်က ရဲအရာရှိတွေနဲ့ တားဆီးနေပါတယ်။"

ဒေသခံတွေက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံထားရပြီး လျော်ကြေးငွေ မယူထားသေးတဲ့ လယ်ယာမြေဧက နှစ်ထောင်ခန့်အတွက် ၃နှစ်စာ သီးနှံလျော်ကြေးပေးဖို့နဲ့ လယ်မြေ ဧကတွေ ပြန်လည်ဖော်ဆောင်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

အလားတူ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ လက်ပံတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောက်ရှောက်ရေးကော်မတီအဖွဲ့ဝင် ၅၀လောက်က လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

မီးလောင်ဗုံးတရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့၊ လက်ပံတောင်းတောင် တောင်သူတွေကို မြေယာ အစားပြန်ပေးဖို့ တို့ကို တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် တောင်းဆိုခဲ့တဲ့ သပိတ်စခန်းတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွဲစဉ်က မီးလောင်ဗုံးထိမှန်ခဲ့တဲ့ သံဃာတော်တွေကို ကူညီစောက်ရှောက်ဖို့ လိုအပ်နေကြောင်းလည်း ဆန္ဒပြသူတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရ မှု လေးနှစ်ပြည့် ဆန္ဒပြ  လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရ မှု လေးနှစ်ပြည့် ဆန္ဒပြ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.