လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ ဒီဇယ်ဆီသိုလှောင်ထားသည့် ဂိုထောင်မီးလောင်ကျွမ်းမှု ခုံအဖွဲ့ ဖွဲ့ပြီး စစ်ဆေးနေ


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ ဒီဇယ်ဆီသိုလှောင်ထားသည့် ဂိုထောင် နိုဝင်ဘာ (၂၂)ရက်၊ ည (၁၁း၃၀) နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဂိုထောင်မှ ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက Level 5 အဖြစ် သတ်မှတ်ခဲ့ပြီး (၁၂း၃၀) နာရီ ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်သာယာမြို့ နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
“မီးလောင်ကျွမ်းမှုကို မသိရသေးဘူး။ ဒီကနေ့(၂၃)ရက် မနက်မှာ မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တွေ ခုံအဖွဲ့ဖွဲ့ပြီး စစ်ဆေးနေပါတယ်။ ဘယ်သူ့ကိုမှ အမှုမဖွင့်ရသေးဘူး။”ဟု လှိုင်သာယာမြို့ နယ် မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ဒီဇယ်ဆီဂိုထောင်နှင့်ကပ်လျှက် နေအိမ်(၂၈)လုံး၊နှင့် စက္ကူစက်ရုံတို့ရှိပြီး ဆီတိုင်ကီများ ပေါက်ကွဲမှုကြောင့် နေအိမ်များမှ မိသားစုဝင်များ လှိုင်မြစ်ကမ်းဘေးသို့ တိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။
“စလောင်တာက အလုပ်သမားတန်းလျှားက စလောင်တာ။ ကျွန်တော်တို့ကအစကတော့ ဆီတိုင်ကီတွေလာချ တာထင်လို့ မသင်္ကာလို့ထွက်ကြည့်မှာ မီးလောင်တာဆိုတော့ အားလုံးထွက်ပြေးကြရတယ်။ တော်သေးတာက အိမ်တွေကို ဆက်မကူးသွားလို့။ အလုပ်သမားတစ်ဦးကတော့ မီးလောင်လို့ ကြောပြင်၊ ပေါင်နဲ့ လက်တွေမီး လောင်ထားလို့ ဆေးရုံပို့ပေးတာမြင်လိုက်တယ်။ တစ်ကိုယ်လုံးမှာဆီတွေနဲ့ မီးလောင်တဲ့နေရာတွေကို ရွံ့တွေနဲ့ အုံထားတယ်။”ဟု ဒီဇယ်ဆီဂိုထောင်အနီးတွင် နေထိုင်သူ ဦးဌေးလွင်က ပြောသည်။


အဆိုပါ ဂိုထောင်မှာ လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ ပေးသည့် လျှပ်စစ်မီးကို အသုံးမပြုဘဲ ကိုယ်ပိုင်မီးစက် အသုံးပြုကာ ညပိုင်း (၈)နာရီမှ နံနက်(၂)နာရီအထိ အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ပြီး နေ့စဉ် ဂါလံ(၂၈၀၀)ဆံ့ ဆီဘောက်ဆာကား (၃)စီးဝင်ရောက်လျှက်ရှိကာ ဂိုထောင်အတွင်း စည်တိုင်ကီအလုံး (၃၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။
“အဲဒီမှာ ဝန်ထမ်း(၂၀)လောက်ရှိမယ်။ ပိုင်ရှင် ဘယ်သူဆိုတာတော့မသိဘူး။ ကိုယ်ဘက်ဖက်ကို မလောင်တာ ကျေးဇူးတင်တယ်။ လောင်ရင်ပြန်မဆောက်ရတော့ဘူး။ နေစရာပျောက်သွားမယ်။ ဂိုတောင်ထဲ ဆီကန်ရှိသေး တယ်။ မီးလောင်ပြီး (၁၀)မိနစ်လောက်မှာ လမ်းကို ပိတ်လိုက်တော့ ကျွန်တော်တို့လည်း ကမ်းဘက်ကို ပြေးရတာ။ မိုးလင်းမှပေးဝင်တယ်။ မီးသတ်သမားတစ်ဦး ကရေပိုက်(၅)လုံးထမ်းဝင်ပြီးငြိမ်းသတ်လို့ မီးငြိမ်းသွားတာ။ ကျွန်တော်တို့က နောက်ကနေရေပိုက်သွယ်ပေးပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆီတိုင်ကီ(၃)လုံးမှာ လမ်မသို့ တစ်လုံး၊ စက္ကူစက်ရုံဝန်းအတွင်း တစ်လုံး၊ ဂိုထောင်နောက်ဘက်သို့ တစ်လုံးကျရောက်ခဲ့ကာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့မှ လုံခြုံရေးယူပေးခဲ့ရသည့်အပြင် နိုဝင်ဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် အဆိုပါ ဂိုထောင်ကို လုံခြုံရေးအရ မည်သူကိုမျှ ပေးမဝင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ ဒီဇယ်ဆီသိုလှောင်ထားသည့် ဂိုထောင်မီးလောင်ကျွမ်းမှု ခုံအဖွဲ့ ဖွဲ့ပြီး စစ်ဆေးနေ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ ဒီဇယ်ဆီသိုလှောင်ထားသည့် ဂိုထောင်မီးလောင်ကျွမ်းမှု ခုံအဖွဲ့ ဖွဲ့ပြီး စစ်ဆေးနေ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.