အောက်ခြေလွတ် ဘဝင်မမြင့်ဖို့ ဦးဝင်းထိန် သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်နဲ့ နာယက သူရဦးတင်ဦး တို့ကို ရန်ကုန်မြို့ Sky Star Hotel မှာ နိုဝင်ဘာလ ၁ ရက်နေ့ကကျင်းပတဲ့ NLD ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီဝင်တွေ တွေ့ဆုံပွဲမှာ တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအနေနဲ့ အောက်ခြေလွတ် ဘဝင်မြင့်နေမယ်ဆိုရင် ပြည်သူတွေ ဒဏ်ခတ်တာခံရမယ်လို့ ရန်ကုန်တိုင်း ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပါတီကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေကို ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က သတိပေးလိုက်ပါတယ်။

ရန်ကုန်မြို့ တာမွေမြိုနယ်မှာရှိတဲ့ Sky Star Hotel မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဝင်တွေ ၆ ကြိမ်မြောက်တွေ့ဆုံပွဲမှာ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က သတိပေးလိုက်တာဖြစ်ပါတယ်။

"လောလောဆယ်မှာတော့ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ခြေလှမ်းမှာ အညှောင့်လေးပေါက်ပြီလို့ နမူနာ ပေးချင်ပါတယ်၊ အဲအညှောင့်ပေါက်ကို နောက်လေးနှစ်ခွဲအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေ အထူးသဖြင့် တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ကြိုးစားပြီးဆောင်ရွက်ခြင်းအားဖြင့် အဲဒီ ဒီမိုကရေစီအညှောင့်လေးက အပင်ဖြစ်လာမယ်၊ ဒီ ၅ နှစ်နဲ့ ကျနော်တို့ အောင်မြင်မယ်လို့ မယုံကြည်သေးဘူး၊ ပြည်သူလူထုအကျိုး ဖန်တီးခြင်းအားဖြင့် ကျနော်တို့ကို ပြည်သူလူထုက ဆက်လက်ထောက်ခံရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်လက်တာဝန်ယူရမယ်၊ အဲလိုမှမဟုတ်ဘဲ အောက်ခြေလွတ်နေမယ် ဘဝမြင့်နေမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ပြည်သူလူထု ဒဏ်ခတ်တာခံရလိမ့်မယ်လို့ ကြုံတုန်းသတိပေးချင်တယ်" လို့ ပြောတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ရန်ကုန်တိုင်း ခရိုင် မြို့နယ်အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။

တက်ရောက်လာတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ် ကိုယ်စားလှယ်တွေက မြို့နယ်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ တင်သွင်းဆွေးနွေးကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အောက်ခြေလွတ် ဘဝင်မမြင့်ဖို့ ဦးဝင်းထိန် သတိပေး အောက်ခြေလွတ် ဘဝင်မမြင့်ဖို့ ဦးဝင်းထိန် သတိပေး Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.