စစ်တွေမှာ လက်နက်တိုက်ငယ် တစ်ခု ပေါက်ကွဲ

လက်နက်တိုက်ပေါက်ကွဲခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အရှေ့ဘက်မျက်နှာစာကို တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) ဗဟိုကင်းမှာရှိတဲ့ လက်နက်တိုက် ငယ်တစ်ခု ဒီနေ့ နေ့လည်က မီးလောင်ပေါက်ကွဲခဲ့ပါတယ်။

နေ့လည် ၁၂ နာရီခွဲလောက်ကနေ ၁ နာရီခွဲလောက်အချိန်အထိ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ တရစပ်ကြားခဲ့ရပြီး မီးခိုးလုံးကြီးတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေကပြောပါတယ်။

ဒကစ ဗဟိုကင်းမှာရှိတဲ့ လက်နက်တိုက်ခန်း ၂ ခန်းအနက် ၁ ခန်း မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး မီးလောက်ပေါက်ကွဲရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

လက်နက်တိုက်မီးလောင်မှုကြောင့် ဒကစ ဗဟိုကင်းမှာရှိတဲ့ တပ်မတော်ရဟတ်ယာဉ်တွေကိုလည်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး အခြားနေရာတွေကို မီးမကူးစက်ခင် မီးသတ်ကားတွေနဲ့ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ လည်း အခင်းဖြစ်နေရာအနီးမှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

လက်နက်တိုက်မီးလောင်ပေါက်ကွဲခဲ့တဲ့ ဒကစ ဗဟိုကင်းဟာ စစ်တွေမြို့အဝင် နာရီကန်နဲ့ ကြက်ကိုင်းတန်ကျေး ရွာကြား စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်မှာရှိတာဖြစ်ပြီး ပတ်ဝန်းကျင်က ဒေသခံတွေကိုတော့ ထိခိုက်တာ ရှိပါဘူး။

အခင်းဖြစ်နေရာအနီးကို သတင်းယူဖို့သွားရောက်ခဲ့တဲ့ ဒေသခံသတင်းထောက်တွေကိုတော့ တပ်မတော်တာဝန် ရှိသူတွေက တားမြစ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
စစ်တွေမှာ လက်နက်တိုက်ငယ် တစ်ခု ပေါက်ကွဲ  စစ်တွေမှာ လက်နက်တိုက်ငယ် တစ်ခု ပေါက်ကွဲ Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.