သိုးကျရွာနှင့် သဲဖြူကုန်းရွာအကြားရှိ တောလမ်းထဲတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ


မော်လမြိုင်၊ နိုဝင်ဘာ ၁၂ ။ ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သိုးကျရွာနှင့် သဲဖြူကုန်းရွာအကြားရှိ တောလမ်းထဲတွင် နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီခွဲခန့်က အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓားပြ၍ အဓမ္မပြုကျင့်ခဲ့ကြောင်း မုတ္တမနယ်မြေ ရဲစခန်းမှူး ရဲအုပ်အောင်မင်းကြည်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ယင်းအမျိုးသမီးသည် တိုရှည်မုန့် ပြုလုပ်ရာတွင် အသုံးပြုမည့် မုန့်အိုးနှင့် ဆီဗူးတို့ကို သိုးကျကျေးရွာ၌ သွားယူခဲ့ပြီး နေအိမ်အပြန်တွင် သိုးကျကျေးရွာနေ ဦးမျိုးပိုင်က အဓမ္မပြုကျင့်ခဲ့သည်ဟု မုတ္တမနယ်မြေရဲစခန်း၏ စစ်ဆေးချက် မှတ်တမ်းအရ သိရသည်။

အဓမ္မပြုကျင့်သူက ဓားကိုင်ထားသဖြင့် အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်ရသောကြောင့် အော်ဟစ် အကူအညီတောင်းရန် မဖြစ်နိုင်ခဲ့သော်လည်း အဓမ္မပြုကျင့်ခံရပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်တန်းခဲ့ကြောင်း ယင်းမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲခံထားရသော ဦးမျိုးပိုင်ကို လိုက်လံရှာဖွေခဲ့ရာ သိုးကျကျေးရွာတွင် ကပြနေသော ဇာတ်သဘင်ပွဲအနီး၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်းကို မုတ္တမနယ်မြေရဲစခန်း၌ (ပ) ၁၅၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားကြောင်း မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မင်းကြည်က ပြောကြားသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
သိုးကျရွာနှင့် သဲဖြူကုန်းရွာအကြားရှိ တောလမ်းထဲတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ သိုးကျရွာနှင့် သဲဖြူကုန်းရွာအကြားရှိ တောလမ်းထဲတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.