ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦး ပေါက်တောမြို့နယ်တွင် အသတ်ခံရ


နိရဉ္စရာ၊ နိုဝင်ဘာ ၁၀

ရန်ကုန်မှ အလုပ်လုပ်ကိုင်ခဲ့ပြီး ပေါက်တောမြို့နယ်ရှိ မိမိရပ်ရွာသို့ ပြန်လာသည့် အမျိုးသမီးငယ် တစ်ဦးသည် ရွာကိုရောက်ပြီး ၃ လခန့် အကြာတွင် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

အသတ်ခံရသူ အမျိုးသမီးမှာ ပေါက်တောမြို့နယ် ခမောင်းချောင်း ကျေးရွာမှ မသန္တာသန်း ၂၃ နှစ် (ဘ ဦးအောင်ကျော်ဇော) ဖြစ်သည်။

“နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီကျော်ကျော်လောက်မှာ သူ့အိမ်က ထမင်းစားပြီး ထွက်ခွာသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ညနေ ၈ နာရီမှာလည်း ပြန်ပေါ်မလာတော့ မိဘတွေက လိုက်ရှာကြပါတယ်။ မိန်းကလေးက အသက် ၂၃ နှစ် အပျိုဆိုတော့ ခိုးရာများ လိုက်ပြေးသွားသလားဆိုပြီး သူ့မိသားစုတွေက ထင်ထားကြပါတယ်။ နောက်တစ်ရက်နေ့ နံနက် ၇ နာရီမှာ လူအုပ်နဲ့ လိုက်ရှာတဲ့အပြင် အနီးအနား ကျေးရွာတွေကိုလည်း အကြောင်းကြားထားကြပါတယ်။ အဲ့ဒီ ခမောင်းချောင်းနဲ့ လွမ်းဦးရွာအကြား ရေမြောင်ဘေး ချုံတောထဲမှာ ထမီမပါ၊ အတွင်းအ၀တ်လန်လို့ မှောက်လျက်သား တွေ့ရတယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်တောမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဘစုက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်မှာ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ ၃ ချက်ရရှိထားပြီး ခဲဖြင့် အထုခံခဲ့သည်ဟု ယူဆရကြောင်း စခန်းမှူးက ဆိုသည်။

ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲဖြစ်ပြီး သမီးရည်းစား ကိစ္စနှင့် ပတ်သက်နိုင်သည်ဟု ရဲကသံသယရှိကြောင်း သူကဆက်လက်ပြောကြားသည်။

တရားခံကို ဖမ်းဆီးနိုင်ရန်အတွက် အနီးအနားရှိ ကျောက်တောင်ရဲစခန်းကို တာဝန်ပေးထားကြောင်း သိရသည်။

အမျိုးသမီးငယ်မှာ ရန်ကုန်တွင် သွားရောက် အလုပ်လုပ်ကိုင် နေခဲ့ပြီး လွန်ခဲ့သော ၃ လ ခန့်ကမှ ရွာသို့ ပြန်လာခဲ့ခြင်းဖြစ်သည်ဟု လေ့လာသိရှိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦး ပေါက်တောမြို့နယ်တွင် အသတ်ခံရ  ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦး ပေါက်တောမြို့နယ်တွင် အသတ်ခံရ Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.