ငရုတ်သီးမှုန့်အချို့တွင် ချည်ထည်သိုးမွှေးထည်များကို ဆိုးသော ဆိုးဆေးများ ပါဝင်ဟုဆို


နိုဝင်ဘာ(၁၆)၊၂၀၁၆

ဈေးများ၌ ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချသည့် ငရုတ်သီးမှုန့်အချို့တွင် ချည်ထည် သိုးမွှေးထည်များကို ဆိုးသော ဓာတုဆိုးဆေးများ ပါဝင်နေကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

''တကယ့်ငရုတ်သီးအစစ်က ငါးကျပ်သားတင် လေးငါးခြောက်ရာ ရှိတယ်။ ဒါကို တစ်ရာနှစ်ရာနဲ့ ဈေးပေါပေါ ရောင်းချနေတာက ငရုတ်သီး ကြိတ်ခွဲဖိုးတောင် မရှိဘူး။ ငရုတ်သီး မစစ်ဘူး။''ဟု ဦးဗအုပ်ခိုင်က ပြောသည်။

ရိုဒမင်း ဘီ (Rhodamine B) စသည့် ဆိုးဆေးများကို ငရုတ်သီးအဖျင်း ကုန်ကြမ်းများတွင် ငရုတ်သီးအရောင်ပေါက်စေရန် ရောနှောသုံးစွဲနေခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။ အနီရောင်နှင့် ပန်းရောင်ရှိသော ရိုဒမင်း ဘီ ဆိုးဆေးမှာ ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးရာတွင် အသုံးပြုရခြင်းဖြစ်သည်။

''ယေဘုယျအားဖြင့်ဆိုးဆေးရဲ့ သဘောက ချက်ချင်းကြီး ရုတ်တရက် လူကို အန္တရာယ်ဖြစ်စေတာတော့ မဟုတ်ဘူး။ နှစ်ရှည်လများ ဆိုးဆေး စားလာခဲ့မယ်ဆိုရင်တော့ အသည်းကို ထိခိုက်မယ်။ အသည်း ရောင်မယ်။ အသည်းကြွပ်မယ်လို့ ဆေးပညာမှာ ဆိုထားတယ်။''ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ဆိုသည်။

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ငရုတ်သီးမှုန့်များအနက် အချို့ကို FDAက နမူနာကောက်ယူကာ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ထက်ဝက်ခန့်တွင် မှိုအဆိပ်ဓာတ်နှင့် ခွင့်မပြု ဓာတုဆိုးဆေးများ ပါဝင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ထံမှ သိရသည်။ ကျန်းမာရေးနှင့် မညီညွတ်သော ငရုတ်သီးမှုန့်များအား တစ်ပတ်အတွင်း ဈေးကွက်မှ ပြန်သိမ်းခြင်း (market Recall) ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း FDAက ထုတ်ပြန်ထားသည်။

MTH

ဓာတ်ပုံ--AFP
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
ငရုတ်သီးမှုန့်အချို့တွင် ချည်ထည်သိုးမွှေးထည်များကို ဆိုးသော ဆိုးဆေးများ ပါဝင်ဟုဆို  ငရုတ်သီးမှုန့်အချို့တွင် ချည်ထည်သိုးမွှေးထည်များကို ဆိုးသော ဆိုးဆေးများ ပါဝင်ဟုဆို Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.