မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်ကိုးလုံးမီးလောင် ဆုံးရှုံး

မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်ကိုးလုံးမီးလောင် မီးဘေးသင့်ပြည်သူများကို သက်ဆိုင်ရာက ကူညီထောက်ပံ့
ရန်ကုန် နိုဝင်ဘာ ၂

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်း က မီးလောင်မှုဖြစ်ပွားရာ နေအိမ်ကိုးလုံး မီးလောင်ကျွမ်းခဲ့ သဖြင့် မီးဘေးသင့်ပြည်သူများကို သက်ဆိုင်ရာက ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၂ နာရီ ၁ဝ မိနစ် ခန့်က အဆိုပါမြို့နယ် အမှတ်(၅) ရပ်ကွက် ဝိဇ္ဇာလမ်း အမှတ် (၂ဝ)နေ အိမ်ရှင် ဦးသန်းထွေး၏ နေအိမ်မှ စတင်၍ မီးလောင်မှုဖြစ်ပွားပြီး အနီးရှိ နေအိမ်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့် အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၉၄ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၆၁ ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မီးငြှိမ်း သတ်ယာဉ် ၂၃ စီး၊ အထောက်အကူပြုယာဉ် ၁၇ စီး၊ မိတ်ဖက်ယာဉ် သုံးစီး၊ အုပ်ချုပ်မှုယာဉ် ခုနစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၃ နာရီ ၁ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် အကျယ်အဝန်း (၄ဝx၆ဝ)ပေ သွပ်မိုး၊ ပျဉ်ကာ၊ပျဉ်ခင်း တစ်ထပ် နေအိမ်လေးလုံး၊ (၁ဝx၁၅) ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် နှစ်လုံး၊ (၄ဝx၆ဝ) ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ (၄ဝx၆ဝ) ပေ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ခင်းနှစ်ထပ်နေအိမ်၏ အပေါ်ထပ်နှင့် (၄ဝx၃ဝ)ပေ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ်များ မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၁ဝ စုမှ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၃၃ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ယခုအခါ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စုံစမ်းလျက်ရှိပြီး မီးလောင်မှုကြောင့် အိမ်ရှင်ဦးသန်းထွေးအား မရမ်းကုန်း မြို့မရဲစခန်းက (ပ)၈၃၈/၂ဝ၁၆၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထို့အပြင် မီးဘေးသင့်ပြည်သူများအတွက် အဆိုပါ ရပ်ကွက်အတွင်းရှိ ဝိဇ္ဇာဓမ္မာရုံတွင် သက်ဆိုင်ရာက ယာယီ မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီစောင့်ရှောက် မှုများပြုလုပ်ပေးလျက်ရှိရာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူတို့က မီးဘေးသင့် အိမ်ထောင်စု ၁ဝ စု မှ လူဦးရေ ၆ဝ အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ကိုးသိန်း၊ ကယ်ဆယ်ရေးပစ္စည်း ကိုးမျိုးပါ အိမ်ထောင်စု ၁ဝ စု စာအတွက် Huawei Family kit ၁ဝ ခု၊ စားသုံးဆီဖာ ၊ရေသန့် ၊အချိုရည်ဘူးများနှင့် ဆန်ရိက္ခာဖိုး ငွေများအား ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာမြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မီးဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် အလှူရှင်များကလည်း လာရောက်လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဇော်ကြီး(ပဏီတ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်ကိုးလုံးမီးလောင် ဆုံးရှုံး  မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်ကိုးလုံးမီးလောင် ဆုံးရှုံး Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.