မော်တော်ယာဉ်မောင်းနှင်လာသော UWSA “ဝ”အဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦးအား လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ဆေးထိန်းသိမ်း


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အော်ရီရန်တယ်တိုးဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် မူဆယ်-လားရှိုးကားလမ်းအတိုင်း မောင်းနှင်လာသော ယာဉ်အမှတ်၊ 3G/----၊ အမျိုးအစား တိုယိုတာခရောင်း(အဖြူရောင်) ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်ပါသုံးဦးအနက် တစ်ဦး၏ခါးတွင် ပစ္စတိုသေနတ်တစ်လက် ပါရှိသည်ကိုတွေ့ရှိရသဖြင့် မူဆယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ နှစ်ဦးမှာ UWSA “ဝ” အဖွဲ့မှ တပ်သားအဆင့်ရှိသူ ကျန်းရင်ဖုန်းနှင့်အားချန့်တို့ဖြစ်ပြီး မူဆယ်မြို့ရှိ UWSA “ဝ” အဖွဲ့ပိုင် ပန့်ခန့်စိန်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှဖြစ်ကြောင်းနှင့် ကျန်တစ်ဦးမှာ မုံးကိုး မြို့နယ်ခွဲ၊ ရပ်ကွက်(၅)နေ အရပ်သား ရန်ရိဆိုသူဖြစ်ပြီး ၄င်းတို့၏သူငယ်ချင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့အနက် အားချန့်၏ခါးကြားတွင် ထိုးထားသည့် ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ၄င်းကျည် ၁၄ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ယာဉ်အားဆက်လက် စစ်ဆေးခဲ့ရာ UWSA အမှတ်အသားများ ပါရှိသည့် ပြောက်ကျားယူနီဖောင်းနှစ်စုံ၊ အင်္ကျီအစိမ်းနှစ်ထည်၊ ဘောင်းဘီအစိမ်းတစ်ထည်၊ လက်မောင်းတံဆိပ် ၁၀ စုံ၊ ရင်ဘတ်တံဆိပ် ၁၀ ခု၊ ဦးထုပ်တံဆိပ် ရှစ်ခု၊ ဦးထုပ်အစိမ်း နှစ်လုံးနှင့် ပြောက်ကျားဦးထုပ် တစ်လုံး၊ UWSA Army တံဆိပ်ပါ ကျန်းရင်ဖုန်းနှင့် အားချန့်တို့၏ စိစစ်ရေးကတ်နှစ်ခုနှင့်အရိုး အသွား ၈ လက်မခန့်ရှိ ဓားမြှောင်တစ်လက် တို့အား စစ်ဆေးတွေ့ရှိခဲ့ပြီး အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲသီဟ
Lashio Media
မော်တော်ယာဉ်မောင်းနှင်လာသော UWSA “ဝ”အဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦးအား လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ဆေးထိန်းသိမ်း  မော်တော်ယာဉ်မောင်းနှင်လာသော UWSA “ဝ”အဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦးအား လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ဆေးထိန်းသိမ်း Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.