ရီပါပလေကန် သမ္မတလောင်း Donald Trump က သမ္မတဟောင်း Bill Clinton ရဲ့ အမျိုးသမီးတွေအပေါ် ဆက်ဆံမှုကို ထိုးနှက်ပြောဆိုခဲ့သလို Bill Clinton ရဲ့ ဇနီး ဟီလာရီ ကလင်တန်ကိုလည်း ထောင်ချလိုက်မယ်လို့ ပြောဆိုလိုက်ပါတယ်။
သမ္မတလောင်း နှစ်ဦးရဲ့ ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲအတွင်း Donald Trump က သူကသာ သမ္မတ ဖြစ်လာရင် နိုင်ငံခြားဝန်ကြီး အလုပ်လုပ်ခဲ့တုန်းက အလုပ်အီးမေးလ်ကို မသုံးပဲ ကိုယ်ပိုင် အီးမေးလ် အသုံးပြုခဲ့တဲ့ ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို ထောင်ချပစ်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်တဲ့ ဟီလာရီ ကလင်တန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တာကြောင့် အထူး စုံစမ်းရေး အဖွဲ့ကိုဖွဲ့ပြီး စုံစမ်းစစ်ဆေးမှု လုပ်ခိုင်းမယ်လို့ Donald Trump က ပြောပါတယ်။
St. Louis မှာ ပြုလုပ်တဲ့ စကားစစ်ထိုးပွဲအတွင်း ဟီလာရီ ကလင်တန်ကလည်း Donald Trump လို ရိုင်းစိုင်းတဲ့ လူက သမ္မတ မဖြစ်သင့်တဲ့အကြောင်း ပြန်လည် ထိုးနှက် ပြောဆိုခဲ့ပါတယ်။
သမ္မတလောင်း နှစ်ဦးက အခွန်ကိစ္စ၊ ကျန်းမာရေးကိစ္စ၊ ဆီးရီးယားနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ပေါ်လစီအကြောင်းတွေကို စကားစစ်ထိုးခဲ့ကြတယ်လို့ ရိုက်တာ သတင်းမှာ ပါရှိပါတယ်။
သောကြာနေ့တုန်းကတော့ Donald Trump အနေနဲ့ ၂၀၀၅ ခုနှစ်တုန်းက အမျိုးသမီးတွေရဲ့ သဘောတူညီမှု မလိုပဲ ကိုယ်ထိလက်ရောက် အမြတ်ထုတ်နိုင်တယ်လို့ ပြောခဲ့တဲ့ ဗီဒီယို ထွက်ပေါ်လာပြီးနောက် ပါတီတွင်းက လူတွေအပြင် ကမ္ဘာပေါ်က လူတွေလည်း အမျိုးမျိုး တုန့်ပြန် ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။
Donald Trump က အဲဒီလို ပြောဆိုခဲ့မိတဲ့အပေါ် အရှက်ရကြောင်း ဒါပေမဲ့ အဲဒီတုန်းက လူသိရှင်ကြား ပြောတာမျိုး မဟုတ်ပဲ သမ္မတဟောင်း Bill Clinton က သူ့ထက် ဆိုးတယ်လို့ ပြောလိုက်ပါတယ်။
သူက စကားအရသာ ပြောဆိုတာ ဖြစ်ပေမယ့် Bill Clinton ကတော့ တကယ်လက်တွေ့မှာ အမျိုးမသီးတွေကို မတော်မတရား ပြုကျင့်တာတွေ လုပ်ခဲ့သလို အဲဒီလို လုပ်ခဲ့တဲ့ Bill Clinton ကို ဇနီးဖြစ်တဲ့ ဟီလာရီ ကလင်တန်က ကာကွယ်ပေးခဲ့တယ်ဆိုပြီး ပြောဆိုလိုက်ပါတယ်။
အခုတကြိမ် ပြုလုပ်တဲ့ စစ်ထိုးပွဲအတွင်း ပရိသတ်တွေကပါ မေးခွန်း မေးခွင့်ရတဲ့အတွက် Donald Trump နဲ့ ပတ်သက်ပြီး ဘယ်အချက်ကို အကြိုက်ဆုံးလဲလို့ မေးတဲ့အခါ ဟီလာရီ ကလင်တန်က Donald Trump ရဲ့ သားသမီးတွေက သူတို့ ဖခင်အပေါ် ထားတဲ့ မေတ္တာနဲ့ လေးစားမှုတွေကို အကြိုက်ဆုံးလို့ ဖြေခဲ့ပါတယ်။
Donald Trump ကလည်း ဟီလာရီ ကလင်တန်နဲ့ ပတ်သက်ပြီး အကြိုက်ဆုံး အချက်ကတော့ ဟီလာရီ ကလင်တန်ဟာ တော်ရုံ ဇွဲမလျှော့ပဲ တိုက်ပွဲဝင်သူဖြစ်တာကို အကြိုက်ဆုံးလို့ ဖြေကြားခဲ့ပါတယ်။
နောက်ဆုံးအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲကိုတော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဟီလာရီ ကလင်တန်ကို ထောင်ချပစ်မယ်လို့ Trump ဆို
Reviewed by THITHTOOLWIN
on
17:49
Rating:
