![]() |
ရီပါပလေကန် သမ္မတလောင်း Donald Trump (Credit: Reuters) |
ရီပါပလေကန် သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်တို့ရဲ့ တတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ် စကားနိုင်လုပွဲမှာ ပြောသွားခဲ့တာပါ။ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ရင် ရလဒ်ကို လက်ခံမှာလားလို့ မေးတဲ့အခါ Donald Trump က ဖြေဆိုဖို့ ငြင်းဆိုလိုက်ပါတယ်။
Donald Trump ရဲ့ သမီးနဲ့ လုပ်ဖော်ကိုင်ဖက် Mike Pence ကတော့ ရွေးကောက်ပွဲ ရလဒ်ကို Donald Trump လက်ခံမှာပါလို့ ပြောဆိုပေမယ့် Donald Trump ကတော့ ရွေးကောက်ပွဲကျင်းပတဲ့ နေ့မှပဲ ရလဒ်ကို လက်ခံမလား၊ လက်မခံဘူးလား ဆိုတာကို ဆုံးဖြတ်မယ်လို့ ပြောလိုက်ပါတယ်။
မီဒီယာတွေက ဟီလာရီ ကလင်တန်ကိုပဲ ထောက်ခံကြတဲ့အတွက် ရွေးကောက်ပွဲ ရလဒ်ကို လိုက်နာမယ် မလိုက်နာဘူး ဆိုတဲ့ ကိစ္စ ဖြစ်ပေါ်ရတာလို့ Donald Trump က ပြောပါတယ်။
Donald Trump အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းဆိုနိုင်တဲ့ အလားအလာကို ကြည့်ပြီး ဟီလာရီ ကလင်တန်က အင်မတန် အံ့အားသင့် ကြောက်ရွံ့မိတယ်လို့ တုန့်ပြန်လိုက်ပါတယ်။
Donald Trump အနေနဲ့ သူလိုချင်တဲ့ ရလဒ်ကို မရရင် တခြားလူတွေကို စွပ်စွဲအပြစ်တင်တဲ့ အလေ့အကျင့်ကလည်း ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
Donald Trump ရဲ့ ရုပ်မြင်သံကြား အစီအစဉ်က အကယ်ဒမီဆုလို့ တင်စားနိုင်တဲ့ Emmy ဆုကို ၃ နှစ်ဆက်တိုက် မရတုန်းကလည်း Emmy ဆုရွေးချယ်ရေးမှာ မသမာမှုတွေ ရှိတယ်ဆိုပြီး တွစ်တာကနေတဆင့် ရေးသားတာမျိုးတောင် လုပ်တယ်လို့ ဟီလာရီ ကလင်တန်က ပြောပါတယ်။
သမ္မတလောင်း နှစ်ဦးက သေနတ်ထိန်းချုပ်ရေးအကြောင်း၊ ကိုယ်ဝန်ဖျက်ချတဲ့အကြောင်းနဲ့ လူဝင်မှု ကြီးကြပ်ရေးအကြောင်းတွေလည်း စကားစစ်ထိုးခဲ့ကြပါတယ်။
Donald Trump ကတော့ တရားမဝင် ရောက်ရှိလာတဲ့ လူပေါင်း သန်းနဲ့ချီကို နှင်ထုတ်မယ်လို့ ပြောဆိုနေပြီး ဟီလာရီ ကလင်တန်ကတော့ အဲဒီလို လုပ်ဆောင်ရင် အမေရိကန် နိုင်ငံကို ပြိုကွဲအောင် လုပ်ရာ ရောက်မယ်လို့ ပြောလိုက်ပါတယ်။
မူးယစ်ဘုရင်နဲ့ ရာဇာဝတ်သားတွေ အမေရိကန် နိုင်ငံမှာ ရှိတာကြောင့် အဲဒီလူတွေ ထွက်ခွာဖို့ လိုတဲ့အကြောင်း၊ နယ်စပ်ကို လုံခြုံအောင်လုပ်မယ်လို့ ပြောသွားခဲ့ပါတယ်။
ဟီလာရီကလင်တန်ကတော့ အဲလို ပြောဆိုချက်ကို ပယ်ချလိုက်ပြီး Donald Trump ရဲ့ အမျိုးသမီးတွေအပေါ် ထားတဲ့ ခံယူချက်တွေကို ထိုးနှစ်လိုက်ပါတယ်။
Donald Trump ဟာ အမျိုးသမီးတွေကို လေးစားမှု မရှိပဲ သိမ်ငယ်အောင် လုပ်ဆောင်သူ ဖြစ်တဲ့အကြောင်း၊ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးရှိမှုကို ထိုးနှက်လေ့ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ရွေးကောက်ပွဲ ရလဒ်ကို Trump လက်ခံမခံ မသိရသေး
Reviewed by THITHTOOLWIN
on
17:25
Rating:
