အရည်အသွေးပြည့်မှီသည့်ဆိုင်ကယ် ဦးထုပ်များ အခမဲ့ပေးသွားမှသာ Show Room များကို ဆိုင်ကယ်ရောင်းချခွင့်ပြုမည်ဟုဆို


မော်လမြိုင်၊ အောက်တိုဘာ ၃၁

ဆိုင်ကယ် Show Room အနေဖြင့် မိမိဆိုင်ကယ် လာရောက်ဝယ်ယူကြသော customer များကို အရည်အသွေးပြည့် မှီသည့် ဆိုင်ကယ် ဦးထုပ်များ အခမဲ့ပေးအပ်မှသာဆိုင်ကယ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်ယာဉ် စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်တွင် ယာဉ်အန္တရာယ်များ လျော့ကျစေရန်နှင့် ပြည်သူလူထု၏ အသက်အန္တရာယ်များကို ကာကွယ်သည့်အနေဖြင့် ယာဉ်နှင့်ပတ်သတ်သည့် စည်းကမ်းချက် ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့် အပြင် မော်တော်ဆိုင်ကယ်ရောင်းချသည့် ဆိုင်ကယ် Show Room များယင်းသို့လုပ်ဆောင်မှသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က အောက်တိုဘာလ (၂၉) ရက်နေ့က သံလွင်တိုင်းမ် သို့ ပြောကြားလိုက်သည်။

“ကျွန်တော်တို့ဆီကို စာတွေဝင်ထားပါတယ်။ ကျွန်တော်တို့ဘက်က လည်း နိုဝင်ဘာလက စပြီး ယာဉ်တွေကို ပညာပေးတွေစလုပ်ဖို့ရှိပါတယ်။ ဆိုင်ကယ် ရောင်းချနေတဲ့ ဆိုင်ကယ် Show Room တွေကို လာရောက်ဝယ်တဲ့ Customerတွေကို ဦးထုပ်(၂) လုံး အခမဲ့ပေးရပါမယ်။ ရိုးရိုးဦးထုပ်မရပါဘူး။ ပြည်သူလူထုရဲ့ အသက်ကို ကာကွယ်ပေးနိုင်လောက်တဲ့ အရည်အသွေးပြည့်မှီ မှ ရပါမယ်။ ဒါမှလည်း ဦးခေါင်းကို ကာကွယ်ပေးလို့ရမှာပါ”ဟု ၄င်းကပြောကြားသည်။

ယင်းသို့လုပ်ဆောင်ရမည်ဆိုပါက ဆိုင်ကယ်အရောင်းဆိုင်များအတွက် နစ်နာမှုများရှိနိုင်ပြီး ဆိုင်ကယ်ဈေးနှုန်းများလည်း မြင့်တက်သွားနိုင်ကြောင်း ဆိုင်ကယ် Show Room ပိုင်ရှင် များက ဖွင့်ဟသည်။

“ကျွန်တော်တို့ က မြတ်တာမှ သောင်းဂဏန်းလောက်ပဲရှိတာပါ အရည်အသွေးပြည့်မှီတဲ့ ဦးထုပ်တစ်လုံးက သောင်းကျော်တွေမှ ရမှာပါ အနည်းဆုံး (၂) သောင်း၊ (၃) သောင်း လောက်ဆိုရင် (၂)လုံးဆိုရင်ပဲ (၇)သောင်း (၈)သောင်းလောက်ရှိပြီ အဲ့လိုပေးရမယ်ဆိုရင် ဆိုင်ကယ်ဈေးတွေ တက်လာဖို့ပဲ ရှိတော့တယ်” ဟု Royal Cycle’s Life ဆိုင်ကယ်အရောင်းစင်တာမှ တာဝန်ခံမန်နေဂျာ ဦးဝင်းဟိန်းက ပြောသည်။

လက်ရှိတွင်လည်း Show Room များအနေဖြင့် ဦးထုပ်တစ်လုံးစီ လက်ဆောင်ပေးလျက်ရှိပြီး အဆိုပါ ညွှန်ကြားချက်ကို နိုဝင်ဘာလမှ စတင်ကာ အကောင်ထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ Show Room ကိုတော့ ညွှန်ကြားထားတာမျိုး မရှိသေးပေမယ့် အဲ့လိုလုပ်ခိုင်းမယ်ဆိုရင် ဆိုင်ကယ်တွေကို အရင် ရောင်းနေတဲ့ဈေးထက် ဈေးနှုန်းပိုလာနိုင်တယ်။ လက်ရှိလည်း ကျွန်တော်တို့ ဦးထုပ်တစ်လုံးစီ လက်ဆောင်ပေးပါတယ်” ဟု Win ( Honda) ဆိုင်ကယ် Show Room မှ ကိုပြည့််မြတ်အောင် ကသံလွင်တိုင်းမ်သို့ ပြောကြားသည်။

လက်ရှိတွင် မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ မော်တော်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များကိုကွင်းဆင်းပြုလုပ်ပေးလျက်ရှိပြီး မွန်ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ယာဉ်မောင်းလိုင်စင်၊ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန် ၊ မော်တော်ဆိုင်ကယ်လိုင်စင်နှင့် မီးနီဖြတ်မောင်းသည့် ယာဉ်များကို နိုဝင်ဘာလမှ စတင်ပြီး တည်ဆဲဥပဒေအရ တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရုံးမှ သတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ - TU Arkar Min
Than Lwin Times
https://www.facebook.com/thanlwintimes9/
အရည်အသွေးပြည့်မှီသည့်ဆိုင်ကယ် ဦးထုပ်များ အခမဲ့ပေးသွားမှသာ Show Room များကို ဆိုင်ကယ်ရောင်းချခွင့်ပြုမည်ဟုဆို  အရည်အသွေးပြည့်မှီသည့်ဆိုင်ကယ် ဦးထုပ်များ အခမဲ့ပေးသွားမှသာ Show Room များကို ဆိုင်ကယ်ရောင်းချခွင့်ပြုမည်ဟုဆို Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.