Mosul နဲ့ Raqqa ကျဆုံးပေမဲ့ IS တွေ ဆက်ရှိနိုင်


ကဒ်လူမျိုး တိုက်ခိုက်ရေးသမားတွေ အများအပြား ပါဝင်တဲ့ ဆီးရီးယားသူပုန်အဖွဲ့ဟာ Raqqa မြို့ ဆက်သွယ်ရေး ပြတ်တောက်သွားအောင် မကြာခင် လုပ်ဆောင်တော့မှာ ဖြစ်တဲ့အတွက် IS အစ္စလာမ်မစ် စစ်သွေးကြွတွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ဒီလုပ်ရပ်က အမေရိကန်ရဲ့ မဟာမိတ် တူရကီနိုင်ငံအတွက် အမျက်ဒေါသထွက်စရာ ဖြစ်သွားစေနိုင်ပါတယ်။

မကြာတော့တဲ့ အနာဂတ်ကာလအတွင်း ထိရောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်နိုင်တဲ့ အဖွဲ့ဟာ ကဒ်လူမျိုးစု တိုက်ခိုက်ရေးသမားတွေ အများအပြား ပါဝင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ဖြစ်ကြောင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေ အတွင်းမှာ ရှိနေတဲ့ IS အဖွဲ့ပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ကို ဦးဆောင်နေတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး Stephen Townsend က ပင်တဂွန်စစ်ဌာနချုပ်ကတဆင့် သတင်းထောက်တွေနဲ့ တယ်လီဖုန်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ တူရကီနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ကဒ်လူမျိုးစု တိုက်ခိုက်ရေးသမားတွေ Raqqa စစ်ဆင်ရေးမှာ ပါလာတဲ့ကိစ္စအပေါ် သဘောထားကွဲပြားမှု ဖြစ်ပေါ်နေတာတွေကိုတော့ နောက်ပိုင်းမှ ဆွေးနွေးနိုင်မှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Townsend က ပြောပါတယ်။

ဒီအတောအတွင်း - IS အဖွဲ့က သူတို့ရဲ့ မြို့တော်လို့ သတ်မှတ်ထားတဲ့ Raqqa ကို ထိုးစစ်ဆင် တိုက်ခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် အကြမ်းဖက်အဖွဲ့အနေနဲ့ အဲဒီ မြို့ကနေ တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်ခြေရှိတာကြောင့် အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ်အဖွဲ့တွေ အနေနဲ့လည်း လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း အဲဒီဘက်ကို တပ်အင်အားတွေ တိုးချဲ့ ချထားဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Mosul နဲ့ Raqqa ကျဆုံးပေမဲ့ IS တွေ ဆက်ရှိနိုင် Mosul နဲ့ Raqqa ကျဆုံးပေမဲ့ IS တွေ ဆက်ရှိနိုင် Reviewed by THITHTOOLWIN on 07:31 Rating: 5
Powered by Blogger.