Matthew ဟာရီကိန်းအတွက် ဖလော်ရီဒါ ပြင်ဆင်


ဟာရီကိန်းမုန်တိုင်း မက်သယူးရဲ့ ဗဟိုချက်ဟာ မကြာခင်မှာ Grand Bahama ကျွန်းပေါ်က Freeport မြို့ကို ၀င်ရောက်တော့မှာဖြစ်ပြီး၊ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာလည်း အန္တရာယ်ကြီးမားလွန်းတဲ့အထိ ၀င်ရောက်တိုက်ခတ်နိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းမုန်တိုင်းဌာနက သတိပေးနေပါတယ်။

ဘဟားမားနိုင်ငံရဲ့ အနောက်ဘက်မှာရှိတဲ့ ဖလော်ရီဒါပြည်နယ်ကို ရောက်လာမယ့် မုန်တိုင်းဟာ ပြင်းအားအဆင့် ၄ မှာ ရှိနေလိမ့်မယ်လို့လည်း မိုးလေ၀သခန့်မှန်းသူတွေက ပြောပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်အထိ ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေကိုလည်း မုန်တိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Rick Scott ကတော့ လွန်ခဲ့တဲ့ ၂ ရက်ကတည်းက ပြည်နယ်တွင်းက ဒေသခံတွေအနေနဲ့ မုန်တိုင်းအန္တရာယ်ကို အလေးအနက်ထားဖို့ ထပ်တလဲလဲ တိုက်တွန်းနေတာပါ။ ကြာသပတေးနေ့က ပြည်နယ်တွင်းက လူပေါင်း တသန်းခွဲလောက်ကို ဘေးလွတ်ရာတိမ်းရှောင်ဖို့ သတိပေးချိန်မှာလည်း - ဘာဆင်ခြေမှ ပေးမနေပဲ အမြန်ဆုံးထွက်ခွာကြဖို့ ထပ်မံသတိပေးခဲ့ပါတယ်။ မုန်တိုင်းကြောင့် သေနိုင်တယ်လို့တောင် ပွင့်ပွင့်လင်းလင်း သတိပေးပြောဆိုခဲ့တာပါ။

ဟေတီနိုင်ငံမှာတော့ ဒိုမီနီကန်သမ္မတနိုင်ငံနဲ့အတူ ပိုင်ဆိုင်တဲ့ ဟစ်စပန်နီအိုလာကျွန်းကို ဟာရီကိန်း မက်သယူး အင်္ဂါနေ့က ၀င်ရောက်တိုက်ခတ်ခဲ့ရာက လူပေါင်း ၁၀၈ ယောက် သေဆုံးခဲ့ပါတယ်။ ဒီအတွက်လည်း မုန်တိုင်းဝင်ရောက်တဲ့ ကာရစ်ဘီယံဒေသမှာ သေဆုံးသူစုစုပေါင်း ၁၁၄ ယောက်ထက်မနည်း ရှိသွားပါပြီ။ ပြင်းအားအဆင့် ၄ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းဟာ ကမ္ဘာ့အနောက်ဘက်ခြမ်းက အဆင်းရဲဆုံး တိုင်းပြည်တခုဖြစ်တဲ့ ဟေတီမှာ ၅၂ နှစ်အတွင်း အပြင်းထန်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Matthew ဟာရီကိန်းအတွက် ဖလော်ရီဒါ ပြင်ဆင် Matthew ဟာရီကိန်းအတွက် ဖလော်ရီဒါ ပြင်ဆင် Reviewed by THITHTOOLWIN on 06:06 Rating: 5
Powered by Blogger.