ဘောနီအမြန်လမ်းမကြီး ရဲစခန်းအပိုင်၌ ခရီးသည်တင် Express မော်တော်ယာဉ် မတော်တဆမှုဖြစ်


နေပြည်တော် အောက်တိုဘာ ၇

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် ၄၉/၀ နှင့် ၄၉/၁ အကြားတွင် နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း မြစိုး မောင်းနှင်လာသော ခရီးသည်တင် ဝေဖြိုးအောင် Express မော်တော်ယာဉ်သည် ယနေ့ နံနက် ၇ နာရီခန့်က မိုးရွာသွန်းနေချိန် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကပ်တုံးအားတိုက်မိပြီးနောက် လမ်းဘေးမြေသားပေါ်ရောက်ရှိ ရပ်တန့်ခဲ့သည်။


အဆိုပါယာဉ်မတော်တဆမှုကြောင့် ခန့်မှန်းတန်ဖိုး (၃)သိန်းဖိုးခန့် ပျက်စီးသွား ပြီး ယာဉ်ပေါ်ပါခရီးသည်(၃၁)ဦးလုံး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသိရသည်။

ယာဉ်မတော်တဆမှုကြောင့် ဝေဖြိုးအောင် Express ယာဉ်မောင်းမြစိုးအား ဘောနီအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၃၀/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉အရ အမှုဖွင့်အရေးယူထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ သိရသည်။


ထိုကဲ့သို့ ယာဉ်မတော်တဆမှုလျောနည်းကျဆင်းရေးအတွက် သတ်မှတ်အမြန် အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား အမြန်နှုန်းတိုင်းကရိ ယာများနှင့် စစ်ဆေးတိုင်းတာအရေးယူလျက်ရှိရာ ယမန်နေ့က (၂၀)မိုင်၊ နေပြည်တော် တိုးဂိတ် တွင် (၄၉)စီး၊ အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ (၂၁)စီး ဖမ်းဆီးနိုင်ခဲ့ပြီး စက်တင်ဘာ (၁) ရက်မှ အောက်တိုဘာ (၆)ရက်အထိ စုစုပေါင်း ဖမ်းဆီးယာဉ် (၁၄၉၄) စီးဖြစ်ပြီး ယာဉ်(၁၂၀၈) စီးအားတရားစွဲတင်ပြီး ဖြစ်ကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘောနီအမြန်လမ်းမကြီး ရဲစခန်းအပိုင်၌ ခရီးသည်တင် Express မော်တော်ယာဉ် မတော်တဆမှုဖြစ် ဘောနီအမြန်လမ်းမကြီး ရဲစခန်းအပိုင်၌ ခရီးသည်တင် Express မော်တော်ယာဉ် မတော်တဆမှုဖြစ် Reviewed by THITHTOOLWIN on 23:20 Rating: 5
Powered by Blogger.