ရည်စားဖြစ်သူအမျိုးသမီးကို ဓားဖြင့်ထိုးသတ်ပြီး အမျိုးသားဖြစ်သူက မိမိကိုယ်ကိုအဆုံးစီရင်မှု ကျောက်ဖြူတွင် ဖြစ်ပွား


နိရဉ္စရာ၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ယနေ့နံနက်က ရည်စားဖြစ်သူ အမျိုးသမီးကို အမျိုးသား ဖြစ်သူက ဓါးဖြင့် ထိုးသတ်ပြီး နောက်ဆုံးတွင် မိမိကိုယ်ကို ထိုးသတ်ကာ အဆုံးရင်သည့် ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်း ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီက ကညင်တောရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ကျောက်ဖြူမြို့နယ် ကညင်တောကျေးရွာ ကုန်ဘောင်အုပ်စုနေ မမေဆုထွန်း(၂၇) နှစ် (ဘ) ဦးဘသိန်း၊ ကမ္ဘာ့ရတနာဘဏ် အကြီးတန်းစာရေးမတစ်ဦး ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဓားဖြင့်ထိုးသတ်ခံရသည့် ကညင်တောကျေးရွာကုန်ဘောင်အုပ်စုနေ မမေဆုထွန်းသည် ဘဏ်သို့သွားရန် ဆိုင်ကယ်ဖြင့်နေ အိမ်မှ ထွက်လာစဉ် ရခိုင်ပိုက်ဆိပ်ရပ်ကွက် ဘုရားကြီးလမ်းနေ ရည်းစားဖြစ်သူ ထွန်းလင်းဇာ (၂၇) နှစ်၊ (ဘ) ဦးဖြူတင်မှ မနက် ၈ နာရီ ၃၀ ခန့်တွင် အသင့်ပါလာသော ဓားဖြင့် လမ်းတွင်ထိုးသတ် လိုက်ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ရဲစခန်းမှ ရဲအုပ်ရဲထွန်းမှ နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

“ ကျွန်တော်တို့ သိရသလောက်ကတော့ သူတို့နှစ်ဦးဟာ မိဘတွေသဘောတူထားတဲ့ သမီးရည်းစား တွေလို့သိရတယ်။ ချစ်သူ မမေဆုထွန်းက သူကိုမယူတော့ဘူးလို့ပြောတဲ့အတွက် စိတ်မထိန်းနိုင်ဘဲ ခုလိုဖြစ်ကြတာလို့ သိရပါတယ်” ဟုဆက်ပြာသည်။

ဓားဖြင့် ၉ ချက် တိတိ ထိုးသွင်းခံရသည့် မမဆုထွန်းမှာ ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ မိမိကိုယ်ကိုယ် ထိုးသတ်သေဆုံးခဲ့သူ ထွန်းလင်းဇာတွင် ထိုးသွင်းဒဏ်ရာ ၃ ချက်ရရှိခဲ့ပြီး ကျောက်ဖြူဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရဲအုပ်ရဲထွန်းမှ ဆက်လက် ပြောကြားသည်။

ယခု လူသတ်မှုနှင့် ပတ်သတ်ပြီး မမေဆုထွန်း၏ အမဖြစ်သူ မခင်မိုးမိုးဆွေ(၃၂) နှစ်မှ (ပ) ရ၀၆/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယခုနှစ် ၂၀၁၆ အတွင်း လက်ရှိ အဖြစ်ပျက် အပါအ၀င် လူသတ်မှု ပေါင်း (၁၇) မှု ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ယခုကဲ့သို့ ချစ်သူကို အသေသတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သော ဖြစ်စဉ်မျိုး သူ တာဝန်ထမ်းဆောင်နေသည့် ၃ နှစ်ကာလ အတွင်း တစ်ကြိမ် တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ရဲအုပ် ရဲထွန်းပြောပြချက်အရ သိရသည်။

နှစ်ဘက် မိသားစုသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့သဖြင့် မိသားစုများ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

(ဓာတ်ပုံ- Facebook)
ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara-151742128171206/
ရည်စားဖြစ်သူအမျိုးသမီးကို ဓားဖြင့်ထိုးသတ်ပြီး အမျိုးသားဖြစ်သူက မိမိကိုယ်ကိုအဆုံးစီရင်မှု ကျောက်ဖြူတွင် ဖြစ်ပွား ရည်စားဖြစ်သူအမျိုးသမီးကို ဓားဖြင့်ထိုးသတ်ပြီး အမျိုးသားဖြစ်သူက မိမိကိုယ်ကိုအဆုံးစီရင်မှု ကျောက်ဖြူတွင် ဖြစ်ပွား Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.