စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ၊ ဂရိတ်ဝေါ (လ်) သကြားစက်ရုံအတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူတဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
၁၇.၁၀.၂၀၁၆ ရက်နေ့ နံနက် (၉း၃၀)နာရီအချိန်က မောင်းကုန်း ဂရိတ်ဝေါ(လ်) စက်ရုံ ကြိတ်စင်ဌာနအတွင်း အရှည် (၅) ပေ လုံးပါတ် (၂) ပေခွဲခန့်ရှိ နိုက်ထရိုဂျင် အိုးထဲမှ အရှည် (၂) ပေ လုံးပါတ် (၂) ပေခွဲခန့်ရှိ နိုက်ထရိုဂျင် အိုးထဲသို့ ထက်နိုင်ဝင်း (ဘ) ဦးထွန်းရှင် အသက် (၂၀) နှစ်မှ နိုက်ထရိုဂျင်များအား ပေါင်းကူး ဖြည့်နေစဉ် အရှည်(၂) ပေခန့်ရှိအိုးမှာ ပေါက်ကွဲသွားသဖြင့် ထက်နိုင်ဝင်း၏ ဝမ်းဗိုက်အားထိမှန်ပြီး ဝမ်းဗိုက်ပွင့်ထွက် သေဆုံးသွားခဲ့သည်။
ထို့အပြင် ပေါက်ကွဲနေရာနှင့် (၁၂) ပေခန့် အကွာတွင်ရှိသော ကျော်ထင် အသက် (၃၁) နှစ် (ဘ) ဦးဟန်ညွှန့် မှာ ဂက်(စ်) အိုး ပေါက်ကွဲမှုကြောင့် အဆောက်အဦးရှိ မှန်ကွဲများ ပြုတ်ကျကာ ကျော်ထင်၏ ညာဘက်လက်မောင်း ပြတ်ရှဒဏ်ရာနှင့် နားအူ ဒဏ်ရာများ ရရှိခဲ့သည်။
" ပေါက်ကွဲတဲ့ အသံကတော့ မောင်းကုန်းတစ်ရွာလုံး သိမ့်သိမ့်တုန် သွားတယ်။ ဖြစ်ဖြစ်ခြင်းမှာမီးခိုးလုံးကြီးလို မှောင်မဲသွားခဲ့တာပါ။ပေါက်ကွဲတဲ့ အသံရဲ့ ရိုက်ခတ်မှုကြောင့် စက်ရုံအပေါ်ဘက်က မှန်တွေဟာ ကွဲပြီးကျလာတယ်။ လောလောဆယ်တော့ အနီးကပ်ကြုံခဲ့တဲ့ ကျော်ထင်က နား မကြားတော့ဘူး။ လက်ဟန်ပြပြီး စကားပြောနေရ ပါတယ်" ဟု အခင်းဖြစ်စဉ်အား တွေ့ကြုံခဲ့သူ တစ်ဦးက ပြောပြသည်။
၎င်းဖြစ်စဉ်နှင်ပတ်သက်၍ သေဆုံးသူ ထက်နိုင်ဝင်းနှင့် ဒဏ်ရာ ရရှိခဲ့သူ ကျော်ထင်တို့ နှစ်ဦးအား မြတောင်ဆေးရုံ သို့ ဆေးစာဖြင့် ပို့ဆောင်ပေးခဲ့ပြီး သေမှု သေခင်း အမှတ်စဉ် (၁၂/၂၀၁၆) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ထီးချိုင့်မြို့မ ရဲစခန်းမှ သိရသည်။
သီဟဆွေ (ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဂရိတ် ဝေါ (လ်) သကြားစက်ရုံအတွင်း နိုက်ထရိုဂျင်အိုး ပေါက်ကွဲ တစ်ဦးသေဆုံးတစ်ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
17:51
Rating:
