ရပ်/ကျေးအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခဲ့ခြင်းအား ပြန်လည်စစ်ဆေးနေဟုဆို


ရန်ကုန် အောက်တိုဘာ ၁၉

ရပ်ကျေးအုပ်ချုပ်ရေးမှူးအား စစ်ဆေးမေးမြန်းခြင်း မရှိဘဲ တာဝန်မှ ရပ်နားခဲ့ခြင်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရုံးမှ ပြန်လည် စီစစ်ရန် ညွှန်ကြားလာခြင်းကြောင့် ယနေ့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တာဝန်မှရပ်နားခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ စံပြကျေးရွာအုပ်စုရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးနိုင် အား တိုင်ကြားချက်ရှိသည်ဟုဆိုကာ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ တာဝန်ရပ်နားခဲ့ခြင်းကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်၊အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ပြန်လည်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့ ၉ လပိုင်း ၂၂ ရက်နေ့က ကျွန်တော့်ကို စစ်ဆေးမေးမြန်းမှု မရှိဘဲနဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။ ခရိုင်က ညွှန်ကြားချက်အရဆိုပြီး မြို့နယ်က ဖြုတ်လိုက်တယ်။ ခရိုင်ကို သွားပြီးစုံစမ်းတော့လည်း ခရိုင်က လုံးဝမသိပါဘူးလို့ ပြောတယ်။ ကျွန်တော့်အနေနဲ့ကတော့ သိက္ခာကျပါတယ်။ ဒါကြောင့် နေရာပြန်ယူမယ်။ ပြန်ရမှ ဆက်လုပ်တာ မလုပ်တာ တစ်ပိုင်းပေါ့ ”ဟု တာဝန်မှ ရပ်နားခံရသူ ဦးအေးနိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက တားမြစ်ထားသည့် ရွှေနံ့သာစံပြကျေးရွာ၊ (၂၂)လမ်းရှိ အမှတ် (၆၈၂) ရွာပိုင်မြေကွက်ကို ယခင်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ပတ်သက်သူများက ရောင်းစားခဲ့ ခြင်း၊ နေအိမ်ဆောက်လုပ်ခြင်းများပြုလုပ်သည်ကို ဦးအေးနိုင်က တားမြစ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တာဝန်မှရပ်နားခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ ဒီနေ့ ဖြစ်စဉ်မှာက ကျွန်တော့်ကို ကိုအေးနိုင်က သက်သေအနေနဲ့ တင်သွင်းထားလို့ သာမန်အရပ်သားအနေနဲ့ လာတာပါ။ ခွင့်ပြုချက်မဲ့ အိမ်ဆောက်တာကို ဆောက်တဲ့သူတွေက အပေါ်နဲ့ တော်တော်ပေါက်ပေါက်ရောက်ရောက်ရှိတယ်။ အခုလည်း စည်ပင်က တရားစွဲထားပါတယ်။ အဲ့ဒါကို ကိုအေးနိုင်က လိုက်ပြပါတယ်ဆိုပြီး ညိုးထားပုံရပါတယ်။ အခုတာဝန်က ရပ်နားတဲ့အထိ ဖြစ်လာတာပါ”ဟု မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအေးနိုင်အား တာဝန်မှ ရပ်နားခဲ့ခြင်းအကြောင်းကို ခိုင်မာသည့် အကြောင်းအရင်း မတွေ့ရှိရဘဲ လုပ်ထုံးလုပ်နည်းအရ ရပ်ကျေးအုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်နားမည်ဆိုပါက စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/
ရပ်/ကျေးအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခဲ့ခြင်းအား ပြန်လည်စစ်ဆေးနေဟုဆို ရပ်/ကျေးအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခဲ့ခြင်းအား ပြန်လည်စစ်ဆေးနေဟုဆို Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.