![]() |
ဒေါ်အောင်ဆန်းစုကြည်ဟာ ကွန်ဂရက်စ်ပါတီ အတိုက်အခံခေါင်းဆောင် ဆိုနီယာဂန္ဒီကို သူမရဲ့ နေအိမ်မှာ သွားရောက်တွေ့ဆုံ နှုတ်ဆက် (Indian National Congress) |
ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ ဒေါ်ခင်ကြည် သံအမတ်ရာထူးနဲ့ အိန္ဒိယမှာ တာဝန်ထမ်းဆောင်စဉ်ကတည်းက အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ၉၀ ရွေးကောက်ပွဲမှာ ပုလဲမြို့နယ်လွှတ်တော် အမတ်ဖြစ်ခဲ့သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယက Lady Shri Ram ကောလိပ်ကနေ အောင်ပြီးတဲ့နောက်မှာ အင်္ဂလန်နိုင်ငံ Oxford သက္ကသိုလ်မှာ ပညာသင်ပါတယ်ခင်ဗျ။ အဲဒီအချိန်မှာပဲ အိန္ဒိယနိုင်ငံက မစ္စစ် Indira Gandhi သား Rajiv Gandhi လည်း Oxford မှာ ပညာသင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စစ် Indira Gandhi သား Rajiv Gandhi တို့က ပိုပြီးတော့ ရင်းရင်းနီးနီးတွေ့ဆုံ ခင်မင်ခဲ့ကြတယ်လို့ ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အခုတခေါက်သွားတဲ့အခါမှာ အဲဒီလို မိသားစုသဘာမျိုး ဆက်ဆံရေးတွေ့တယ်ဆိုတာက တော်တော်လေးလည်း မိသားစုခင်မင်မှုအပြင် နိုင်ငံရေးအရလည်း ကျနော့်အမြင်ပေါ့လေ တော်တော်လေးလေးနက်တယ်လို့ မြင်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ၁၉၈၈ ခုနှစ် မြန်မာပြည် အရေးအခင်းဖြစ်တုန်းက ဒီမိုကရေစီအရေးကို ပြောင်ပြောင်တင်းတင်း ကျကျနန ထောက်ခံခဲ့တာက ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီလက်ထက်မှာ ဖြစ်ပါတယ်ခင်ဗျ။ သူ မတော်တစ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် ၉၂- ၉၃ မှသာလျှင် ပေါ်လစီက ပြောင်းသွားတာ။ ဆိုတော့ အဲဒီကာလတုန်းက အနောက်နိုင်ငံတွေထက်တောင်မှ အိန္ဒိယက ဒီမိုကရေစီအရေးကို ရာဂျစ်ဂန္ဒီလက်ထက်မှာ ထောက်ခံခဲ့တဲ့အတွက် ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်တဲ့အကြောင်း ပြောကောင်းပြောမလားလို့ မှန်းကြည့်ရတာပေါ့ခင်ဗျ။”
လက်ရှိ အိန္ဒိယအတိုက်အခံခေါင်းဆောင် မစ္စက်ဆိုနီယာဂန္ဒီရဲ့ လက်ရှိ အနေအထားအရရော ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတာကို မေးမြန်းကြည့်တဲ့အခါမှာတော့ ဒေါက်တာ တင့်ဆွေက အခုလို ပြောပါတယ်။
“အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံမှာတောင်မှ ရင့်ကျက်ပြီးသား ဒီမိုကရေစီနိုင်ငံဆိုတော့ အိန္ဒိယလွှတ်တော်မှာ အာဏာရပါတီနဲ့ ၀န်ကြီးချုပ်အပြင် အတိုက်အခံ အင်အားစုမှာ အတိုက်အခံခေါင်းဆောင်ဆိုတဲ့ နိုင်ငံရေးအရပြောရင် ၀န်ကြီးချုပ်နဲ့ တတန်းထဲ ဆက်ဆံခံရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီအတိုက်အခံအဖွဲ့ ပါတီခေါင်းဆောင်ဆိုတာ ၀န်ကြီးချုပ်ပြီးရင် ဒုတိယအရေးအကြီးဆုံးဖြစ်တယ်။ အိန္ဒိယနဲ့ အင်္ဂလန်နိုင်ငံ မှာ အတိုက်အခံရဲ့ အသံက အတိုက်အခံ အုပ်စု ရဲ့ ဆောင်ရွက်ချက်တွေဟာလည်း အစိုးရလုပ်နေတဲ့ ပါတီအဖွဲ့အစည်းတွေလည်း အလေးထားရတာဖြစ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဘယ်နိုင်ငံက ခေါင်းဆောင်လာလာ၊ အတိုက်အခံရဲ့အသံဟာ ဒီမိုကရေစီနိုင်ငံမှာ အရေးကြီးတဲ့အတွက် ဒီခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စက်ဆိုနီယာဂန္ဒီ တွေ့တာဟာ ကျနော်တို့ အိန္ဒိယ- မြန်မာ ဆက်ဆံရေးကို အများကြီးအထောက်အကူပြုမယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျ။”
ဒီမိုကရေစီသက်တမ်းနုနေသေးတဲ့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံတကာကရော၊ ဒေသတွင်းကပါ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ BIMSTEC ညီလာခံမှာ တက်ရောက်လာကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်သွားပါတယ်။
“ကျမတို့ နိုင်ငံအနေနဲ့ လုပ်ဆောင်စရာတွေအများကြီးကျန်ရှိနေသေးသလို လုပ်ဆောင်ဖို့လည်း သံဓိဌာန် ခိုင်မာပါတယ်။ ကျမတို့အစိုးရ ၂၀၁၆မတ်လ၃၁ ၇က်နေ့က တက်လာပြီးတဲ့နောက် ရေရှည်ခံတဲ့အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဦးစားပေးလုပ်ဆောင်ဖို့ ချမှတ်ခဲ့ပါတယ်။ ဒါတွေက မြန်မာနိုင်ငံသားတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးလိုအပ်ချက်တွေကို ဖြည့်စီးပေးနိုင်ဖို့ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒေသအတွင်းနဲ့ နိုင်ငံတကာ အဆင့်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတိုးစေဖို့ နည်းလမ်းတွေကို ရှာဖွေရာမှာ နိုင်ငံတကာရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။ တာဝန်သိတဲ့ ရင်းနှီးမြုပ်နှံမှု အတွက် ကျမတို့ နိုင်ငံ တံခါးကို အခုဆို ဖွင့်ထားပါပြီ။ ကျမတို့ နိုင်ငံအတွက် အလုပ်အကိုင်တွေဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေကို ဆွေးနွေး သွားမှာ ဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှုကို ပိုပြီး ခိုင်မာအောင်ဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေ သွားမှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီသီတင်းပတ်အစောပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးပြီး စီးပွားရေး အခွင့် အလမ်း သစ်တွေပေါ်ထွက်လာချိန်မှာ မြန်မာနိုင်ငံနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ အလားအလာတွေ အများကြီးရှိလာတာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၉ ရက် နေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံဖို့ရှိပြီး အိန္ဒိယအရှေ့မြောက် ပိုင်းမှာ နယ်နမိတ်ချင်ထိစပ်နေတဲ့ ဘူတန်နဲ့ နယ်စပ်တလျှောက် သူပုန်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြဖွယ်ရှိပါတယ်။
အိန္ဒိယခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ လိုက်ပါသွားခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိ ဖြစ်ပါတယ်။
မခွာညို / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အိန္ဒိယခေါင်းဆောင်တွေနှင့် တွေ့ဆုံမည်
Reviewed by THITHTOOLWIN
on
08:48
Rating:
