ရခိုင်ရွာသား ၈ဝ ကျော် ဘူးသီးတောင်ကို ထွက်ပြေး တိမ်းရှောင်လာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ သုဓမ္မာရုံဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရွာသားတွေကို အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - ဆရာတော် အရှင်သာဂရ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ နယ်ခြားစောင့်ရဲကင်းတွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ် စဉ်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်ရတာကြောင့် မောင်တောမြို့နယ် အောင်မင်္ဂလာ၊ အောင်ဇေယျ စတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေက လူပေါင်း ၈၀ ကျော် ဒီနေ့ မနက်ပိုင်းက ဘူးသီးတောင်မြို့ကို ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။

သူတို့ကို ဘူးသီးတောင်မြို့ သုဓမ္မာရုံကျောင်းတိုက်မှာ ယာယီနေရာချထားပေးတယ်လို့ ကျောင်းထိုင်ဆရာတော် အရှင်သာဂရ ကမိန့်ပါတယ်။

အဲဒီကျေးရွာတွေက ဒေသခံ ၅၀ လောက် မနေ့က ည ၇ နာရီလောက်ကနေ ဘူးသီးတောင်မြို့ သုဓမ္မာရုံကျောင်း တိုက်ကို ခိုလှုံဖို့ရောက်ရှိလာကြတာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ လူပေါင်း ၃၀ ကျော် ထပ်မံရောက်ရှိလာတာဖြစ် တယ်လို့လည်း သိရပါတယ်။

တိုင်းရင်းသားကျေးရွာတွေအတွက် လုံခြုံရေးအားနည်းနေတာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်လာကြ တာဖြစ်ပြီး ဒီအထဲမှာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၂၀ ကျော်လောက် ပါဝင်တယ်လို့သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက် စားနပ်ရိက္ခာတွေအတွက် ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အကူအညီတွေပေးဖို့ပြင်ဆင်နေကြပါတယ်။

မောင်တောမြို့နယ်က ဝေးလံခေါင်သီတဲ့ တိုင်းရင်းသားကျေးရွာတွေက ပညာရေးဝန်ထမ်းတွေကို အစိုးရက တပ်မတော်ရဟတ်ယာဉ်တွေနဲ့ ခေါ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှာ ကျောင်းဆရာ၊ ဆရာမပေါင်း ၃၀ ကျော်လောက် လုံခြုံရေးစခန်းမှာ ခိုလှုံနေရပြီး တပ်မတော်က ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်ဖို့ ပြင်ဆင်နေပေမယ့် မိုးသည်း ထန်နေတာကြောင့် ကြန့်ကြာမှုတွေရှိနေတယ်လို့ ဆရာမတစ်ဦးကပြောပါတယ်။

မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖမ်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ အကြမ်းဖက်သမားတွေက ကားလမ်းတွေကို သစ်ပင်တွေ ပိတ်ဆို့ထားတာတွေရှိတယ်လို့လည်း သိရပါတယ်။

မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အိမ်ထောင်သည်လိုင်းခန်းကို မနေ့မနက်ပိုင်းက အကြမ်းသမား ၅ ဦးလောက်က တောင်ကုန်းကနေလက်နက်ငယ်တွေနဲ့ ချောင်းမြောင်း ပစ်ခတ်ခဲ့တာကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့ရပါတယ်။

အကြမ်းဖက်သမားတွေက ဆုတ်ခွာထွက်ပြေးခဲ့ပေမယ့် ၀ါးပိတ်ကျေးရွာမှာရှိတဲ့နေအိမ်တွေကို မီးရှို့သွားခဲ့ တာကြောင့် နေအိမ် ၂၅ လုံးခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင့်လည်း အစိုးရပိုင်သတင်းတွေမှာ ဖော်ပြ ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရခိုင်ရွာသား ၈ဝ ကျော် ဘူးသီးတောင်ကို ထွက်ပြေး တိမ်းရှောင်လာ ရခိုင်ရွာသား ၈ဝ ကျော် ဘူးသီးတောင်ကို ထွက်ပြေး တိမ်းရှောင်လာ Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.