ဈေးကွက်အတွင်း ဆေးဝါးအတု မျိုးစုံရှိသောကြောင့် ဆရာဝန်များပင် မျက်မြင်ခွဲခြားမသိနိုင်ဟုဆို

(ပုံစာ- ဆေးဝါးအတုဖြစ်ကြောင်း FDAက စစ်ဆေးတွေ့ရှိခဲ့သော Griseofulvin Tablets 125mgဆေးဝါး) ဓာတ်ပုံ- FDA
ဈေးကွက်အတွင်း ဆေးဝါးအတုမျိုးစုံရှိသောကြောင့် ဆရာဝန်များပင် မျက်မြင်မခွဲနိုင်ဘဲ ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် ဓာတ်ခွဲစမ်းသပ်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ဆိုသည်။

'' အားလုံးပွင့်ပွင့်လင်းလင်းပြောရရင် ဆေးဝါးတုက မျိုးစုံရှိနေတယ်။ ကင်ဆာဆေး ၊ စိတ်ရောဂါဆေး ၊ နှလုံးဆေး၊ တချို့ FDAခွင့်မပြုတာတွေလည်း ရှိတယ်။''ဟု ၄င်းက ဆိုသည်။

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးဝါးများအနက် ဆေးဝါးအတုမျိုးစုံရှိနေရာ Chengdu Ernei pharmaceutica ကုမ္ပဏီ၏ Griseofulvin Tablets 125mg ဆေးဝါးသည် ဆေးဝါးအတုဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကြေညာခဲ့သည်။ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင်လည်း သြဂုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၂၆ရက်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းကျော်တန်ဖိုးရှိသည့် ဘီပီအိုင်ဆေးဝါးအတုနှင့် သက်တမ်းလွန်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

'' Capsuleဆေးတောင့်ဆိုရင် ဖြုတ်ကြည့်တယ်။ ဂျုံမှုန့်တို့၊ ဆန်မှုန့်တို့၊ သလဲခဲတို့ဆိုရင် ဒါဆေးဝါးအတုပဲ။ ပထမနည်း မရရင် ဒုတိယနည်းက ဓါတ်ခွဲကြည့်ရင် သိပါတယ်”ဟု လုပ်ငန်းခွင်ကျန်းမာရေးမှ ဒေါက်တာသန်းထွဋ်က ပြောသည်။

ဆေးဆိုင်များတွင် ဆေးဝါးအတုများ ဖြန့်ဖြူးရောင်းချပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈)အရ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

MTH
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
ဈေးကွက်အတွင်း ဆေးဝါးအတု မျိုးစုံရှိသောကြောင့် ဆရာဝန်များပင် မျက်မြင်ခွဲခြားမသိနိုင်ဟုဆို  ဈေးကွက်အတွင်း ဆေးဝါးအတု မျိုးစုံရှိသောကြောင့် ဆရာဝန်များပင် မျက်မြင်ခွဲခြားမသိနိုင်ဟုဆို Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.