မုံရွာမြို့ ချယ်ရီတည်းခိုခန်းတွင် ပုပ်နေသော အလောင်းတစ်လောင်းတွေ့


မုံရွာ၊ အောက်တိုဘာ ၈။

မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ရွှေစည်းခုံဘုရားအနောက်ပေါက်အနီးရှိ ချယ်ရီတည်းခိုခန်း ၅လွှာ၊ အခန်းအမှတ် ၅၀၆တွင် ယနေ့ ညနေ ၂နာရီ ၅၀မိနစ်ခန့်က ပုပ်နေသော အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအခန်းတွင် အပုပ်နံ့ထွက်နေကြောင်း သတင်းရသဖြင့် ခရိုင်ရဲမှူးနှင့် မြို့မရဲစခန်းမှူး၊ မှုခင်းတပ်ဖွဲ့နှင့် နယ်ထိန်းခေါင်းဆောင်တို့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အခန်းအတွင်းအိပ်ယာတွင် စောင်ခြုံလျက်၊ ဦးခေါင်းခေါင်းအုံးဖြင့်ဖိ၊ တစောင်းမှောက်လျက် ခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကို တွေ့ခဲ့ရသည်။

သေဆုံးသူမှာ ချင်းတွင်းမြစ်အထက်ပိုင်း မင်းကင်းမြို့နယ်၊ ယားရွာမှ သိန်းဆွေ (၃၈)နှစ် ဖြစ်ပြီး အောက်တိုဘာ ၆ရက်နေ့ ၂နာရီက ဟုမ္မလင်းမြို့နယ် ကတ်သာရွာနေသူတစ်ဦးနှင့်အတူ ၄င်းအခန်းတွင် တည်းခိုနေထိုင်ခဲ့ကြောင်း သိရသည်။

"အတူတည်းတဲ့ကောင်က မနေ့က ထွက်သွားတယ်လို့ တည်းခိုခန်းမန်နေဂျာက ပြောတယ်။ အဲဒီအထပ်ရဲ့ အိမ်သာနဲ့ အုတ်ကန်ကြားမှာ သွေးစွန်းနေတဲ့ တုတ်တစ်ချောင်းကိုလည်း သိမ်းမိတယ်"ဟု မုံရွာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

၎င်းကြောင့် လူသတ်၍ ထွက်ပြေးသွားသည်ဟု ယူဆရသော အခန်းဖော်အား အမြန်ဆုံးဖမ်းမိနိုင်ရေး တပ်ဖွဲ့အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar

မုံရွာမြို့ ချယ်ရီတည်းခိုခန်းတွင် ပုပ်နေသော အလောင်းတစ်လောင်းတွေ့  မုံရွာမြို့ ချယ်ရီတည်းခိုခန်းတွင် ပုပ်နေသော အလောင်းတစ်လောင်းတွေ့ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.