ကျိုက်ထီးရိုးတောင်ခြေမှ ရင်ပြင်အထိ အနောက်ခန်းကားခများ လျော့ချပေး


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ခြေ၊ ကင်မွန်းစခန်းမှ ရင်ပြင်တော်စခန်းအထိ တောင် တက်ကားခ နောက်ခန်းဈေးနှုန်းအား မူလဈေးနှုန်းကျပ် ၂၅၀၀မှ ၂၀၀၀ကျပ်သို့ အောက်တိုဘာ ၁၆ ရက် ရက်မှစတင်ကာ ပြောင်းလဲသတ်မှတ်လိုက်ကြောင်းကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းထံမှသိရှိရသည်။

ဘုရားဖူးပြည်သူများ တောင်တက်မော်တော်ယာဉ်ခနှင့်ပတ်သက်၍ ဝန်ထုပ်ဝန်းပိုးမဖြစ်စေရန် ကျိုက်ထီးရိုး တောင်ပေါ်ရှိ လုပ်ငန်းများအားလုံးပြောင်းလဲနေချိန်တွင် တောင်တက်ကားအသင်းအနေဖြင့် ဝန်ဆောင်မှု တစ်ခုအနေဖြင့် လျော့ပေးရခြင်းဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းဥက္ကဌ ဦးဝိတင် ကပြောသည်။
“တောင်ပေါ်မှာက အားလုံးအခြေနေပြောင်းနေတဲ့အချိန်မှာ ကိုယ်တွေလည်းဝန်ဆောင်မှုပေးတာပါ။ကားခက နောက်ခန်းအတွက်ဘဲ လျော့ပေးတာပါ။ ခေါင်းခန်းကအရင်ဈေးနှုန်းအတိုင်းပါဘဲ၊မပြောင်းလဲပါဘူး။ နောက်ဝန် ဆောင်မှုတစ်ခုအနေနဲ့က ကားတွေအားလုံးအမိုးတပ်ထားပေးပါတယ်။ ဘုရားဖူးပြည်သူအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာဘုရားဖူးနိုင်ရေးကအဓိကပါ။”ဟု ဦးဝိတင်ကပြောသည်။

 ဘုရားဖူးပြည်သူများအား ဝန်ဆောင်မှုအသစ်အနေဖြင့် ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအနေဖြင့် ဘုရားဖူးပြည်သူများနှင့်ဆက်ဆံပြောဆိုရာတွင် အဆင်ပြေစေရန် စည်းကမ်းပိုင်းအား ကြပ်မတ်ကိုင်တွယ်သွားမည်ဖြစ်ပြီး ကားမောင်းသူနှင့်ယာဉ်နောက်လိုက်များအားသတ်မှတ်ဝတ်စုံများဝတ်ဆင်စေမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် တောင်တက်ကားများ၏ ရှေ့သက်ကယ်ဘောင်များတွင်ယာဉ်နံပါတ်၊ယာဉ်မောင်းအမည်၊ယာဉ် နောက်လိုက်အမည်များကို ရေးထားမည်ဖြစ်ပြီး ကားသမားများနှင့် ပြောဆိုဆက်ဆံသည့်အခါများတွင် အဆင် မပြေခြင်းများရှိပါက ဆက်သွယ်တိုင်ကြားရန်ဖုန်းနံပါတ်များအား တစ်ပါတည်းရေးထားမည်ဖြစ်ကြောင်း သိရသည်။

 ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှရင်ပြင်တော်စခန်းအထိ တောင်တက်ကားခ နောက်ခန်းဈေးနှုန်းကို၂၅၀၀ကျပ်၊ ရှေ့ခန်းဈေးနှုန်း၃၀၀၀ကျပ်သတ်မှတ်ထားရာမှ နောက်ခန်းဈေးနှုန်းအား လျော့ချပေးခဲ့ခြင်း ဖြစ်သည်။
 “ဒီတစ်ခေါက်ဘုရားဖူးလာရတာ စိတ်ချမ်းသာတယ်လို့ပြောရမယ်။ ဘာလို့ဆို အရင်တုန်းကလို အတင်းအလှူခံ တာတွေမတွေ့ရဘူး။ ကားစီးရတာလဲ အမိုးနဲ့ဆိုတော့ အဆင်ပြေတယ်။ ဈေးဆိုင်တန်းတွေဆိုရင် အရင်လိုရိုက် စားလုပ်တာတွေမတွေ့ရသေးဘူး။ တချို့နေရာလေးတွေတော့ မပြောင်းလဲသေးတာရှိသေးတယ်။”ဟုဘုရားဖူးပြည်သူတစ်ဦးကပြောသည်။

ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းအား ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန် အထိ တောင်တက်မော်တော်ယာဉ် ၁၅၀ စီးဖြင့် ဘုရားဖူးများအား ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကျိုက်ထီးရိုးတောင်ခြေမှ ရင်ပြင်အထိ အနောက်ခန်းကားခများ လျော့ချပေး ကျိုက်ထီးရိုးတောင်ခြေမှ ရင်ပြင်အထိ အနောက်ခန်းကားခများ လျော့ချပေး Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.