ရခိုင်ပြည်စစ်ဆင်ရေးအပေါ် စွတ်စွဲချက်များ နယ်စပ်လုံခြုံရေးတပ် ငြင်းဆို

မောင်တောမြို့နယ် နယ်ခြားစောင့်တပ် အကြီးအကဲ ရဲမှုးချုပ်သူရစန်းလွင်
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အစွန်းရောက်အကြမ်းဖက်သမားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆင်လျှက်ရှိရာမှာ၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကျေးရွာတရွာက ကျေးရွားသားတွေကို စစ်တပ်က အတင်းမောင်းထုတ်ခဲ့တာကြောင့် ရိုဟင်ဂျာမူဆလင်ရွာသားတွေ ပုန်းအောင်းနေထိုင်နေရတယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။

 ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတွေက ကျီးကန်းပြင်ကျေးရွာကို ရောက်ရှိလာပြီး၊ ကျေးရွာသား နှစ်ထောင်လောက်ကို အခြေခံစားသုံးကုန်အချို့ပေးပြီး ရွာကနေ နှင်ထုတ်လိုက်တယ်လို့ ရိုက်တာသတင်းက ရိုဟင်ဂျာသတင်းရင်းမြစ်ကို ကိုးကားပြီးရေးသားထားတာပါ။

 ဒီသတင်းနဲ့ ပတ်သက်လို့ မောင်တောမြို့နယ် နယ်ခြားစောင့်တပ် အကြီးအကဲ ရဲမှုးချုပ်သူရစန်းလွင်ကတော့ မဟုတ်မမှန်ကြောင်းနဲ့ ဒီလို ဆောင်ရွက်မယ်ဆိုရင် သူတို့ဖက်က တာဝန်ရှိသူတွေကို အရေးယူမှာဖြစ်တဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အဲဒီလိုလုပ်ရင် ကိုယ့်လူကို အရင်ဆုံး အရေးယူပြီးသွားပြီပေါ့၊ ကျနော်တို့က ခွင့်ပြုလို့လည်းမရဘူး အဲလိုလည်း ဖြစ်နိုင်စရာလည်း မရှိဘူး။ နောက်ဆုံးကျနော်တို့က အဖြစ်မှန်ကို အားလုံးကို ထုတ်ပြန်နေတာ ။ ဒီတခါလောက် ကျနော်တို့ ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်တာ တခါမှ မရှိဖူးဘူး။”

အောက်တိုဘာ ၉ ရက်နေ့တုန်းက မောင်တောဒေသမှာရှိတဲ့ လုံခြုံရေးစခန်းသုံးခုကို အကြမ်းဖက်သမားတွေက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်၊ ဒေသတခုလုံးမှာ လုံခြုံရေးတွေ တိုးမြင့်ခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားတွေ လုယူသွားတဲ့ လက်နက်တွေကို ရှာဖွေနေသလို၊ အကြမ်းဖက်တိုက်ခိုက်သူတွေကိုလည်း တောနင်း ရှာဖွေတာတွေ လုပ်နေပါတယ်။

 ဒီလို ဆောင်ရွက်မှုတွေမှာ ဒေသခံ ကျေးရွာသားတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စွတ်စွဲချက်တွေ ပေါ်ထွက်နေတာကြောင့်၊ ဒီအခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေက တောင်းဆိုမှုတွေ ရှိနေပါတယ်။

 အောက်တိုဘာ ၉ ရက်နေ့ကအဖြစ်အပျက်တွေအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိမရှိဆိုတာတွေကိုပါ အဖြစ်အပျက်မှန်တွေကို စုံစမ်းဖို့ ရခိုင်ပြည်နယ်လွှတ်တော်ကနေ အကြမ်းဖက်ခံရမှု လေ့လာသုံးသပ်ကော်မတီတရပ်ကို အောက်တိုဘာ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရခိုင်ပြည်စစ်ဆင်ရေးအပေါ် စွတ်စွဲချက်များ နယ်စပ်လုံခြုံရေးတပ် ငြင်းဆို ရခိုင်ပြည်စစ်ဆင်ရေးအပေါ် စွတ်စွဲချက်များ နယ်စပ်လုံခြုံရေးတပ် ငြင်းဆို Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.