ဘူးသီးတောင်- မောင်တောမြို့နယ်များကို စစ်ဆင်ရေး ဧရိယာနယ်မြေသတ်မှတ်


ရခိုင်ပြည်နယ်၏ အနောက်ဘက်နယ်စပ်မြို့နယ်များဖြစ်သော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကို ပြီးခဲ့သောရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် လတ်တလောအခြေအနေတွင် စစ်ဆင်ရေးနယ်ဧရိယာနယ်မြေအဖြစ် အစိုးရကသတ်မှတ်လိုက်ကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ဦးဆောင်သော အစိုးရအဖွဲ့နှင့် စစ်တွေမြို့ပေါ် လူမှုအဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံရေးပါတီများတို့တွေ့ဆုံပွဲတွင် အလုပ်သမား၊ လူမှုဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းဆွေက “ပြည်သူတွေ စိုးရိမ်ကြောင့်ကြစိတ်တွေကို ကျွန်တော်တို့ ကိုယ်ချင်စာပါတယ်။ သဘောလည်း ပေါက်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ကျီးကန်းပြင်စခန်းကိုလည်း ကျွန်တော်တို့ သွားခဲ့ပါတယ်။ လောလောဆယ်မှာလည်းပဲ ပြည်နယ်အစိုးရအနေနဲ့ ဘူးသီးတောင်နဲ့
မောင်တောမြို့နယ်မြေတွေကို စစ်ဆင်ရေး ဧရိယာနယ်မြေအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ပြည်သူတွေ ကြောင့်ကြ စိုးရိမ်မှုတွေမရှိအောင် လုံခြုံရေးကိုလည်း ကျွန်တော်အပြောမဟုတ်ဘူး လက်တွေ့မှာလည်း ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် စစ်တွေမြို့ပေါ်မှ နိုင်ငံရေးပါတီများနှင့်မြို့ပေါ် လူမှုအဖွဲ့အစည်းများက တိုင်းရင်းသားများအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊ လုံခြုံရေးပိုင်းဆိုင်ရာများကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုအစိုးရအနေဖြင့်လည်း အကြမ်းဖက်သမားများ ၀င်ရောက်တိုက်ခိုက်သောနယ်မြေများကို စစ်ဆင်ရေးဧရိယာနယ်မြေအဖြစ် သတ်မှတ်ထားသည့်အတွက် တပ်မတော်အနေဖြင့် စစ်ဆေးရေးများကို ဆောင်ရွက်လုပ်ကိုင်သည့်အခါတွင် တရားဥပဒေနှင့်အညီ ဆောင်ရွက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသောနယ်မြေများကိုလည်း တရားဥပဒေစိုးမိုးမှုရှိအောင် အဆင့်ဆင့်ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။

မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဘူးသီးတောင်- မောင်တောမြို့နယ်များကို စစ်ဆင်ရေး ဧရိယာနယ်မြေသတ်မှတ်  ဘူးသီးတောင်- မောင်တောမြို့နယ်များကို စစ်ဆင်ရေး ဧရိယာနယ်မြေသတ်မှတ် Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.