ကျောက်ဖြူမြို့နယ်တွင် ဝမ်းပျက်၊ဝမ်းလျှောကြောင့် လူ ၁ ဦးသေဆုံးကာ ၈ ဦးမှာ စိုးရိမ်ရ အခြေအနေဖြင့် ဆေးရုံတင်ရ


အောက်တိုဘာ၂၀ / DMG

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အောင်လံချိန်ကျေးရွာတွင် ကူးစပ်ရောဂါတစ်မျိုးဖြစ်သည့် ဝမ်းပျက်၊ဝမ်းလျှောရောဂါကြောင့် လူ ၁ ဦးသေဆုံးသွားခဲ့ကာ ၈ ဦးမှာ စိုးရိမ်ရအခြေအနေဖြင့် ကျောက်ဖြူဆေးရုံတွင် ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။

အောင်လံချိန်ကျေးရွာတွင် အောက်တိုဘာလ ၁၇ ရက်နေ့ကစတင်ပြီး လူပေါင်း(၄၀)ခန့်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး အသက်(၇၀)ခန့်အရွယ် ဒေါ်ပိထိုင်မှာ ၎င်းရောဂါဖြင့် သေဆုံးသွားခဲ့ကာ အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၁)ဦးအား ရောဂါပြင်းထန်စွာဖြင့် အောက်တိုဘာလ၂၀ရက်နေ့တွင် ကျောက်ဖြူဆေးရုံသို့အရေးပေါ် တင်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံ ဦးထွန်းကြွယ်က ပြောသည်။


"ဒီနေ့နံနက် ၁ နာရီကျော်လောက်က ရောက်လာတာပါ။ ကျောက်ဖြူမြို့က လူမှုရေးအသင်းတစ်ခုက သူတို့ကို ကားနဲ့တင်ပြီး ဆေးရုံတင်ဆောင်လိုက်တာပါ။ ခုရောက်လာတဲ့ လူနာ ၈ ဦးဟာ သိပ်စိုးရိမ်တဲ့အခြေအနေပါ။ ရွာမှာကျန်ရှိနေတဲ့ လူနာတွေကိုတော့ ကျောက်ဖြူခရိုင်ဆရာဝန် ဒေါက်တာရဲလွင်မောင်ကိုယ်တိုင် သွားရောက်ပြီး ဆေးကုသနေပါတယ်။ အဲဒီဆရာဝန်ရဲ့ စစ်ဆေးချက်က ဒီရောဂါဖြစ်ပွားတာဟာ အစာကြောင့်ဖြစ်တယ်လို့ပြောတယ်" ဟု ဦးထွန်းကြွယ်က ပြောသည်။

လက်ရှိအချိန်တွင် အောင်လံချိန်ကျေးရွာ၌ ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားသူ (၃၀)ဦးခန်ံရှိနေသေးပြီး အောင်လံချိန်ကျေးရွာသည် ကျောက်ဖြူမြို့နှင့်မိုင်(၂၀)ခန့်ကွာဝေးကာ ရေလမ်းတစ်ခုတည်းကိုသာ အားထားနေရကြောင်း သိရသည်။

ဖဒူထွန်းအောင်
Development Media Group
https://www.facebook.com/DevelopmentNJ
ကျောက်ဖြူမြို့နယ်တွင် ဝမ်းပျက်၊ဝမ်းလျှောကြောင့် လူ ၁ ဦးသေဆုံးကာ ၈ ဦးမှာ စိုးရိမ်ရ အခြေအနေဖြင့် ဆေးရုံတင်ရ  ကျောက်ဖြူမြို့နယ်တွင် ဝမ်းပျက်၊ဝမ်းလျှောကြောင့် လူ ၁ ဦးသေဆုံးကာ ၈ ဦးမှာ စိုးရိမ်ရ အခြေအနေဖြင့် ဆေးရုံတင်ရ Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.