ဆိုင်ကယ်ခိုးသူလူငယ်လေးဦးကို ခင်ဦးတွင် နာရီဝက်အတွင်း ဖမ်းဆီးရမိ


ခင်ဦး အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့ပေါ်၌ အောက်တိုဘာ ၂၉ရက် မွန်းတည့် ၁၂ နာရီခန့်က ဆိုင်ကယ်ခိုးသူ ၁၆ နှစ်အရွယ် လူငယ်လေးဦးအား နာရီဝက်အတွင်း ခင်ဦးမြို့မရဲစခန်းမှ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ရက် နံနက် ၁၁ နာရီခွဲခန့်က ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာ နန်းဧကသီဆိုင်ကယ်အရောင်းဆိုင် မှ စကွန်ဖီး ကျပ် ၂၃ သိန်းကျော် တန်တစ်စီး၊ ကလစ်ဘီးကျပ် ၁၁ သိန်းခွဲတန်တစ်စီး၊ ဆိုင်ကလုန်း ကျပ်ကိုးသိန်းခွဲတန်တစ်စီး စုစုပေါင်း ဆိုင်ကယ်သုံးစီး ကျပ်ငွေ ၄၃ သိန်း ကျော်ပျောက်ဆုံးသွားခဲ့ကြောင်း မြို့မ ရဲစခန်းသို့လာရောက်တိုင်တန်းသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်၏ အနီးကပ်ကြီးကြပ်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးသောင်းဝင်း၊ ရဲအုပ် မျိုး အောင်စိုး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဇင်ဦး၊ တပ်ကြပ်ဇော် ထက်၊ ဒုတပ်ကြပ်ရွှေသွေး၊ ရဲတပ် သား နေမျိုးအောင်နှင့် ဌေးအောင် တို့အဖွဲ့သည် အချိန်နှင့်တစ်ပြေးညီ စုံစမ်းမှုများပြုလုပ်နေစဉ် သတင်း အရ ခင်ဦးမြို့နယ် လွမ်းစေတီ ဘုရားအနီးတွင် ဆိုင်ကလုန်း ၁၂၅ ဆိုင်ကယ် အနက်ရောင်တစ်စီးနှင့် မသင်္ကာစရာ လူငယ်တစ်ဦးအား တွေ့ရှိ၍မေးမြန်းနေစဉ် ဆိုင်ကယ် ကိုထားခဲ့ပြီး လယ်ကွင်းထဲသို့ ထွက်ပြေးသွားသဖြင့် ဖမ်းဆီးစစ် ဆေးမေးမြန်းရာ ကောင်းမြတ်သူဆို သူအား ဆိုင်ကယ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် သက်သေ များရှေ့တွင် ဖမ်းဆီးခဲ့သည်။

ဆက်လက်၍ကောင်းမြတ်သူ၏ စစ်ဆေးပေါ်ပေါက်ချက်အရ ဆိုင် ကယ်ခိုးရာတွင်ဝေဟင်လင်း၊ ကျန် ကျောင်း(ခ)နိုင်းမင်းထက်၊ ဖိုးသား (ခ)ထွန်းခန့်ဇင်တို့နှင့်အတူ နန်းဧက သီဆိုင်ကယ်အရောင်းဆိုင်မှစကွန်း ဖီး၊ ကလစ်၊ ဆိုင်ကလုန်းဆိုင်ကယ် သုံးစီးနှင့်အတူ တရားခံလူငယ် လေးဦးကို မိနစ် ၃ဝအတွင်း ဖော် ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

၎င်းအမှုနှင့်ပတ်သက်၍ ခင်ဦး မြို့မရဲစခန်းမှ (ပ)၄ဝ၂/၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ-၃၈ဝ/ကျင့် ၅၄ ဖြင့် ကောင်းမြတ်သူ(၁၆နှစ်) မြနန္ဒာရပ်ကွက် ခင်ဦးမြို့၊ ဝေဟင် လင်း (၁၆နှစ်) မြကန်သာရပ်ကွက် ခင်ဦးမြို့၊ ကျန်ကျောင်း(ခ)နိုင်မင်း ထက်(၁၆နှစ်) အောင်သီရိရပ်ကွက် ခင်ဦးမြို့၊ ဖိုးသား(ခ)ထွန်းခန့် ဇော်(၁၆နှစ်) အောင်သီရိရပ်ကွက် ခင်ဦးမြို့ နေသူတို့လေးဦးအား အမှု ဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

စံ(ခင်ဦး)
The Union Daily
https://www.facebook.com/uniondaily.net
ဆိုင်ကယ်ခိုးသူလူငယ်လေးဦးကို ခင်ဦးတွင် နာရီဝက်အတွင်း ဖမ်းဆီးရမိ  ဆိုင်ကယ်ခိုးသူလူငယ်လေးဦးကို ခင်ဦးတွင် နာရီဝက်အတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.