အဖွားအိုတစ်ယောက်ကို ရဲက အသေပစ်သတ်သည်မှာ လက်ခံနိုင်ဖွယ်မရှိဟု နယူယောက်မြို့တော်ဝန် ပြောကြား


နယူးယောက်၊ အောက်တိုဘာ-၂၀

ရဲတပ်ကြပ်တစ်ယောက်က စိတ်ကျန်းမာရေးချွတ်ယွင်းနေသည့် အမျိုးသမီးကြီးတစ်ယောက်ကို ပစ်သတ်လိုက်ပြီးနောက် တစ်စုံတစ်ရာ အကြီးအကျယ်မှားယွင်းနေသည်ဟု နယူးယောက်မြို့တော်ဝန်က ၀န်ခံပြောကြားလိုက်သည်။

ရဲများကို မဖြစ်မနေ အခြေအနေနှင့် ရင်ဆိုင်ရမှသာ သေလောက်သည်အထိ အင်အားသုံးရန် ညွှန်ကြားထားသော်လည်း ထိုစံနှုန်းအတိုင်း လုပ်ဆောင်သည်မှာ တွေ့ရခဲကြောင်း ဘီ ဒီ ဘလာစီယိုက ပြောကြားခဲ့သည်။

ဘရွန့်တွင် ပစ်သတ်သည့်ဖြစ်ရပ်မှာ ရင်နင့်ဖွယ်ကောင်းပြီ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ၄င်းက ၀န်ခံပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ကမူ အင်္ဂါနေ့ညက ခုနှစ်ထပ်တိုက်ခန်းအဆောက်အအုံတွင် လူတစ်ယောက် သောင်းကျန်းနေကြောင်း ၉၁၁ကို ဖုန်းဆက်အကြောင်းကြားလာသောကြောင့် တုန့်ပြန်အရေးယူဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသည်။

သူတို့ရောက်သွားချိန်တွင် အသက်၆၆နှစ်အရွယ် ဒီဘိုရာ ဒန်နာက ကတ်ကြေးတစ်စုံကိုကိုင်ပြီး ရမ်းကားနေသောကြောင့် ရဲတပ်ကြပ် ဟူး ဘယ်ရီက ကတ်ကြေးကို ချထားရန် ပြောကြားခဲ့သည်ဟု ရဲအရာရှိများက ပြောသည်။

ထိုစဉ်တွင်ပင် မစ္စဒန်နာက ဘေ့စ်ဘောရိုက်တံကို ကိုင်စွဲကာ ရဲတပ်ကြပ်ကို တိုက်ခိုက်ရန် ကြိုးစားသောကြောင့် ရဲတပ်ကြပ်က သေနတ်ဖြင့် နှစ်ချက်တိတိပစ်ခတ်ခဲ့ရာ ရင်ဝသို့ ထိမှန်သွားခဲ့သည်ဟု ဆိုသည်။ ထို့နောက် သူမကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ယခင်ကတည်းက စိတ်ကစင့်ကလျား သောင်းကျန်းနေချိန် ဆေးရုံသို့ ခေါ်ဆောင်သွားရန် ရဲတပ်ဖွဲ့ကို အကြိမ်ကြိမ် ခေါ်ဆိုခဲ့သည်ဟု မစ္စတာ ဒီ ဘလာစီယိုက ပြောကြားခဲ့သည်။ ထိုအချိန်ကတည်းက သူမကို လုံခြုံဘေးကင်းစွာ ခေါ်ဆောင်သွားနိုင်သည်ဟု ဆိုသည်။

ရဲကော်မရှင်နာ ဂျိမ်းစ် အိုနီးကမူ ရဲတပ်ကြပ်မှာ ဌာန၏ စည်းမျဉ်းစည်းကမ်းမျာကို မလိုက်နာသောကြောင့် မွမ်းမံသင်တန်းတက်ခိုင်းထားသူဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမှုကို ဤသို့ကိုင်တွယ်ရမည်ဟု သင်ကြားပေးမထားကြောင်းနှင့် တစ်ဦးချင်းအလိုက် ထူးခြားဖြစ်စဉ်သာဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

ရဲတပ်ကြပ်က ဘာ့ကြောင့် ကျင်စက်အသုံးမပြုခဲ့သည်ကိုလည်း စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။
ဘရွန့်ဇ်ရပ်ကွက်ဥက္ကဌ ရူဘင် ဒိုင်ယက် ဂျူနီယာကလည်း ပစ်ခတ်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။

“ဒီအမျိုးသမီးကြီးကို ရဲဌာနက သိနေခဲ့တာပဲ။ ဒါနဲ့တောင် ဒီရဲအရာရှိက ဒီအမျိုးသမီးကို စကားနဲ့ပဲ ငြိမ်အောင်လုပ်ရမယ်၊ သေနတ်မသုံးရဘူးဆိုတာကို ဆင်ခြင်မိသင့်တယ်”ဟု ရူဘင်က ပြောကြားခဲ့သည်။

အေပီ
china.com Myanmar
https://www.facebook.com/china.com.mm
အဖွားအိုတစ်ယောက်ကို ရဲက အသေပစ်သတ်သည်မှာ လက်ခံနိုင်ဖွယ်မရှိဟု နယူယောက်မြို့တော်ဝန် ပြောကြား  အဖွားအိုတစ်ယောက်ကို ရဲက အသေပစ်သတ်သည်မှာ လက်ခံနိုင်ဖွယ်မရှိဟု နယူယောက်မြို့တော်ဝန် ပြောကြား Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.