မိရိုးဖလာ ဓနိအရက်ချက်လုပ်ငန်းပိတ်ပင်မှုကြောင့် နစ်နာသူများမှ ပြည်နယ်အစိုးရအား တင်ပြမည်


နိရဉ္စရာ၊ အောက်တိုဘာ ၂ ရက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် မိရိုးဖလာ (အုန်းရည်အရက်) ဓနိအရက်ချက်လုပ်ငန်း များ တရားမ၀င်ဟုဆိုကာ ပိတ်ပင်ခံနေရသဖြင့် စီးပွားရေးအရ ထိခိုက်နစ်နာသူများက ပြည်နယ်အစိုးရအား တင်ပြသွားမည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၃၀ ရက်နေ့က ပြုလုပ်သော ကျောက်ဖြူမြို့နယ် ရေမျက်ကျေးရွာအုပ်စု တောင်ငူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်သော လူထုအစည်းအဝေးတွင် ဓနိအရက်ချက် လုပ်ငန်းကို ပိတ်ပင်သဖြင့် ဒေသခံများ အလုပ်လက်မဲ့ဖြစ်ကာ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက် ပြည်သူများ၏ စီးပွားရေးကို ထိခိုက်နစ်နာမှုများရှိနေ၍ ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းလူထုတွေဆုံပွဲသို့ ကျေရွာအုပ်စု ၈ အုပ်စု အတွင်းရှိ ကျေးရွာပေါင်း ၂၄ ရွာမှ ကိုယ်စာလှယ် ၁၅၀ တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းက မိရိုးဖလာလုပ်လာတာ ဖြစ်ပါတယ်။ ဒေသထွက် အရက်ပါ။ ဒီအလုပ်က နွေတက်လာရင် လုပ်ရတဲ့ အလုပ်ပါ။ ဒီအလုပ်ကဘဲ သားသမီးတွေ ပညာသင်စရိတ် အပါအ၀င် မိသားစု စားဝတ်နေရေးကို အကုန်လုံးကို ရှာဖွေပေးပါတယ်။ ဒါကို ချက်လုပ်ခွင့်၊ ရောင်းချခွင်ပိတ်တော့ ဘာအလုပ်မှ လုပ်စရာမရှိတော့ဘူး” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရေမျက်အုပ်စု ကိုယ်စားလှယ် ဦးမောင်လှရွှေမှ နိရဉ္စရာသို့ ပြောသည်။


ဓနိချက်အရက် ထုတ်လုပ်ခြင်းကို ကျောက်ဖြူမြို့နယ် အမှတ် (၅ ) တိုက်နယ်နှင့် အမှတ် (၆) တိုက်နယ် တို့တွင် အဓိကထားလုပ်ကိုင်ကြပြီး ရမ်းဗြဲမြို့နယ်တွင် ရွာပေါင်း ၅၀ ခန့်တွင် အသက်မွေး ၀မ်းကျောင်း အဖြစ် ခြောက်သွေ့ရာသီတွင် လုပ်ကိုင်ကြသည်။

နှစ်စဉ် မြို့နယ် (၂) ခု၏ ၀င်ငွေမှာ သိန်း ၂ သောင်းကျော်ထိရှိနေကြောင်း ဦးမောင်လှရွှေက ပြောသည်။

ဓနိ အရက်ချက်လုပ်ခွင့်ကိုသာ ပိတ်ပင်ပြီး တစ်ခြားအရက်များကို ရောင်းချခွင့်ပြုခြင်းမှာ တရား မျှတမှု မရှိကြောင်း၊ အရက်အားပိတ်ပင်မည်ဆိုပါကလည်း တန်းတူ အရက်အားလုံးကို ပိတ်ပင်ရန် လိုအပ်ကြောင်း ကျောက်ဖြူမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးကော်မတီ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်မှ နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ဒေသမှာက မိုးရာသီလယ်လုပ်ပြီးတာနဲ့ နွေပိုင်း အလုပ်အကိုင် မရှိဘူး။ စပါးစိုက်ပျိုးရေးက ဆန်ဝမ်းစာ အတွက်သာ ဖူလုံတယ်။ ပညာရေး၊ ကျန်းမာရေး စတာတွေအတွက် ဒီအလုပ်က အထောက် အပံ့ ပေးနေတာပါ။ ဓနိချက်အရက် ပိတ်မယ်ဆိုရင်လည်း ဘယ်အရက်မှ မရောင်းချရအောင် ပိတ်ပင်ပေးပါ။ မဟုတ်ရင်လည်း ဒီလုပ်ငန်းကို ခေတ်မီ နည်းစနစ်တွေနဲ့ အစိုးရ အသိအမှတ်ပြု အရက်ဖြစ်အောင် ဆောင်ရွက်ပေးစေလိုပါတယ်” ဟု ဆက်ပြောသည်။

ဓနိ အရက်ချက်လုပ်ငန်းကို ပိတ်ပင်မည့် အစား နည်းပညာများပေးပြီး ထန်းထညက်၊ ကြံသကာများကဲ့သို့ စားသုံးကုန် အဖြစ် ထုတ်လုပ်နိုင်ရန် အစိုးရ အနေဖြင့် ကူညီဆောင်ရွက်သင့်ကြောင်း ဒေသခံများက အကြံပြု ပြောဆိုကြသည်။

အမ်းမြို့နယ်၊ မြေပုံမြို့နယ်နှင့် နီးစပ်ရာသို့ တင်ပို့ ရောင်းချမှုကြောင့် စီးပွားရေးအရ အဆင်ပြေနေသည့် ဒေသတစ်ခုဖြစ်သည့် မအီမြို့နယ် လမူး(မော်ရွာ)အုပ်စုတွင်လည်း ပိတ်ပင်မှု မပြုလုပ်ဖို့ သက်ဆိုင်ရာကို ပူးပေါင်း တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
မိရိုးဖလာ ဓနိအရက်ချက်လုပ်ငန်းပိတ်ပင်မှုကြောင့် နစ်နာသူများမှ ပြည်နယ်အစိုးရအား တင်ပြမည်  မိရိုးဖလာ ဓနိအရက်ချက်လုပ်ငန်းပိတ်ပင်မှုကြောင့် နစ်နာသူများမှ ပြည်နယ်အစိုးရအား တင်ပြမည် Reviewed by THITHTOOLWIN on 15:51 Rating: 5
Powered by Blogger.