ရန်ကုန်မြို့ အထပ်မြင့် တိုက်များတွင် နေထိုင်သူများ နောက်ဖေးလမ်းကြားသို့ အမှိုက်စွန့်ပစ်ပါက အရေးယူမည်


ရန်ကုန်မြို့တွင်းရှိအထပ်မြင့်တိုက်များတွင် နေထိုင်သူများအနေဖြင့် နောက်ဖေးလမ်းကြားအတွင်းအမှိုက်စွန့်ပစ်မှုကို တွေ့ရှိပါက အောက်တိုဘာလဆန်းပိုင်းမှ စတင်အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။
“အခု မြို့တွင်းနောက်ဖေးလမ်းတွေက အမှိုက်တွေကိုရှင်းပြီးပြီ။ ပုဇွန်တောင်ပဲကျန်တော့တယ်။ နောက်ပိုင်း အ မှိုက်ပစ်တာတွေထပ်တွေ့ရင် အရေးယူတာတွေပြုလုပ်ပါတော့မယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာ ရေးကော်မတီမှ တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးရန်ငြိမ်းချမ်းကပြောသည်။

 နောက်ဘေးလမ်းကြားအတွင်း အမှိုက်စွန့်ပစ်ပါက ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေအရ အ ရေးယူနိုင်သော်လည်း စက်တင်ဘာလမှ အောက်တိုဘာလဆန်းပိုင်း အထိ အမှိုက်ရှင်းလင်းမှုများကိုသာ ဦးစား ပေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 ထိုသို့အရေးယူနိုင်ရန် စောင့်ကြည့်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း အမှိုက်စွန့် ပစ်မှုများတွေ့ရှိပါက သက်ဆိုင်ရာစည်ပင်သာယာရေးဌာနထံ တိုင်ကြားနိုင်ကြောင်း ဦးရန်ငြိမ်းချမ်းကပြောသည်။

 အိမ်နောက်ဖေးလမ်းကြားတွင် အမှိုက်စွန့်ပစ်မှုများနှင့်ပတ်သက်၍ ထိရောက်စွာအရေးယူနိုင်ရန် ကျောက်တံ တားမြို့နယ်အတွင်း CCTV ကင်မရာများတပ်ဆင်ပြီး စောင့်ကြည့်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီမှ သိရသည်။

ထို့အပြင် နောက်ဖေးလမ်းကြားအတွင်း ကျူးကျော်တည်ဆောက်ထားသည့်နေရာများရှိနေခြင်းနှင့် ရေဆိုးပိုက်မှ တဆင့် အမှိုက်သရိုက်စွန့်ပစ်မှုများကြောင့် ရေမြောင်း ပိတ်ဆို့မှုများရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
“ကျွန်မမြို့ထဲမှာနေတာပါ။ နောက်ဘေးလမ်းကတော့ မြင်မကောင်းပါဘူး။ အခု ရှင်းပေးတော့ ကောင်းပါတယ်။ ပြည်သူတွေလည်း အသိစိတ်ဓာတ်နဲ့ အမှိုက်မပစ်ဘဲ ပူးပေါင်းပါဝင်ဖို့ပြောချင်ပါတယ်။ စည်ပင်အနေနဲ့လည်း အ သိပညာပေးတာရော၊ အရေးယူတာရော ထိထိရောက်ရောက်လုပ်သင့်ပါတယ်။”ဟု ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မိုးသူကပြောသည်။

စည်ပင်သာယာရေးကော်မတီ၏စီမံခန့်ခွဲမှုအရ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများအတွက် ဒဏ်ကြေးတစ်သောင်း ချမှတ်နိုင်သည့်အပြင် ၂၀၁၃ စည်ပင်သာယာဥပဒေ ပုဒ်(၆၈)အရလည်း ပြစ်မှုထင်ရှားတရားစီရင်ခြင်းခံရပါက ဒဏ်ငွေအနည်းဆုံး တစ်သိန်းမှ အများဆုံးငါးသိန်းနှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်နိုင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ရန်ကုန်မြို့ အထပ်မြင့် တိုက်များတွင် နေထိုင်သူများ နောက်ဖေးလမ်းကြားသို့ အမှိုက်စွန့်ပစ်ပါက အရေးယူမည်  ရန်ကုန်မြို့  အထပ်မြင့် တိုက်များတွင် နေထိုင်သူများ နောက်ဖေးလမ်းကြားသို့ အမှိုက်စွန့်ပစ်ပါက အရေးယူမည် Reviewed by THITHTOOLWIN on 18:49 Rating: 5
Powered by Blogger.