မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေကို ၂၀၁၇ ဧပြီ (၁) ရက်နေ့ တွင် စတင်ကျင့်သုံးနိုင်မည်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတွက် နည်းဥပဒေများ ရေးဆွဲရေး ညှိနှိုင်း အလုပ်ရုံ ဆွေးနွေးပွဲ (Consultation Workshop for Implementing Regulation of the Myanmar Investment Law) ကျင်းပနေစဉ်(ဆင်ဟွာ)
နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၆ အောက်တိုဘာ ၁၈ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတွက် နည်းဥပဒေ ရေးဆွဲခြင်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဧပြီလ (၁)ရက် နေ့ တွင် စတင် ကျင့်သုံးနိုင်မည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး၊ အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့ ရဲ့ လျာထားချက်အရတော့ ၂၀၁၇ ဇန်နဝါရီ လကုန်ပိုင်းမှာ လုပ်ငန်းစဉ်တွေ အားလုံး ပြီးစီးအောင် ဆောင်ရွက်သွားပါမယ်။ အဲဒါတွေ ပြီးရင် လိုအပ်တဲ့ အမိန့်  ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ထပ်ပြီး ထုတ်ပြန်ဖို့ ရှိပါလိမ့်မယ်၊ အဲဒီ ထုတ်ပြန်မှုတွေ အားလုံးက ၂၀၁၇ ခုနှစ် မတ်လမကုန်မီ အပြီး ဆောင်ရွက်ပါမယ်၊၂၀၁၇ ဧပြီလ (၁) ရက်နေ့ က စပြီးတော့ ဥပဒေ အသစ်တွေ လုပ်ထုံး လုပ်နည်း အသစ်တွေနဲ့ စတင်ဆောင်ရွက်သွားပါမယ်” ဟု နေပြည်တော် Hilton Hotel တွင် ယနေ့ နံနက် ၉း ၃၀ နာရီ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတွက် နည်းဥပဒေများ ရေးဆွဲရေး ညှိနှိုင်း အလုပ်ရုံ ဆွေးနွေးပွဲ (Consultation Workshop for Implementing Regulation of the Myanmar Investment Law) တွင် ၎င်းက မီဒီယာသို့  ပြောခဲ့သည်။
“ရင်းနှီးမြှုပ်နှံမှုတွေဟာ လွယ်လွယ်ကူကူ လုပ်ကိုင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးတွေ ဖြစ်ရမယ်၊ သို့ သော်လည်းပဲ ရင်းနှီးမြှုပ်နှံသူတွေက ဥပဒေတွေကို လိုက်နာမှု၊ စည်းမျဉ်း စည်းကမ်းတွေ လိုက်နာမှု၊ ဒီအပိုင်းတွေမှာ ပိုမိုမြှင့်တင်လိုတဲ့ အတွက် ဒီနည်းဥပဒေတွေကို ရေးဆွဲတာ ဖြစ်ပါတယ်” ဟုလည်း ဦးအောင်နိုင်ဦးက ပြောခဲ့သည်။

အခန်း ၂၃ ခန်းနှင့် ပုဒ်မ ၁၀၁ ခုပါဝင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတွက် နည်းဥပဒေများ ရေးဆွဲရေး လုပ်ငန်းစဉ်ကို အောက်တိုဘာ စတုတ္ထပတ်တွင် စတင် ပြင်ဆင်ပြီး နိုဝင်ဘာလတွင် ပထမ မူကြမ်းကို အပြီးသတ်ရေးဆွဲမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာ ပထမပတ်တွင် ထို ပထမ မူကြမ်းအပေါ် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ကာ ထိုဆွေးနွေးမှုများကို အခြေခံ၍ ဒီဇင်ဘာ ဒုတိယ ပတ်တွင် နည်းဥပဒေ ဒုတိယ မူကြမ်းကို ရေးဆွဲပြီး ထို ဒုတိယ မူကြမ်းနှင့် ပတ်သက်၍ ၀န်ကြီးဌာနများ၏ သဘောထားကို ဒီဇင်ဘာ တတိယပတ်တွင် တောင်းခံမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာ စတုတ္ထပတ်တွင် နည်းဥပဒေများ မူကြမ်းကို ပြည်ထောင်စု ရှေ့ နေချုပ်ရုံးသို့ ပေးပို့ ကာ ရှေ့ နေချုပ် ရုံး ၏ အကြံဥာဏ်များကို တောင်းခံ သွားမည် ဖြစ်ကြောင်း သိရသည်။
“ပထမ မူကြမ်းဆွဲပြီးရင် ကျွန်တော်တို့ ရဲ့ website မှာ တင်မယ်၊ နိုင်ငံပိုင် သတင်းစာတွေမှာ ပြည်သူကို ချပြမယ်၊ လိုအပ်တဲ့ အကြံဥာဏ်တွေ အားလုံးကို ကျွန်တော်တို့ ကို ပေးလို့ ရမယ်၊ ပြည်သူတွေရဲ့ အကြံပြုချက်တွေအရ လိုအပ်သလို ပြင်ဆင်မှုတွေ ဆောင်ရွက်မယ်၊ ပြီးရင် အစိုးရ ဌာနဆိုင်ရာတွေရော တခြား အဖွဲ့ အစည်းတွေရဲ့ အကြံပြုချက်တွေကို အသေးစိတ် ညှီနှိုင်းဆောင်ရွက်မယ်၊ ပြီးရင် ကက်ဘိနက်ကို တင်မယ်၊ ပြီးရင် လွှတ်တော်က သက်ဆိုင်တဲ့ကော်မတီ အသီးသီးနဲ့ ညှိနှိုင်းပြီး ဒါကို ထုတ်ပြန်ပါမယ်” ဟုလည်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့  World Bank Group မှ ပညာရှင်များ၊ တာဝန်ရှိသူများ၊ အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန နှင့် ဆက်စပ် ၀န်ကြီး ဌာနများမှ အရာရှိကြီးများ ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် World Bank Group မှ Mr. Charles Schneider တို့ က အဖွင့် အမှာ စကားများ ပြောကြားခဲ့ကာ Work Bank Group မှ Consultant များ ဖြစ်ကြသည့် Mr. Sufian Jusoh နှင့် Mr. Chris Hughes တို့ က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အကောင် အထည် ဖော်မှုနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ကြသည်။

(Xinhua)
China Xinhua News
မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေကို ၂၀၁၇ ဧပြီ (၁) ရက်နေ့ တွင် စတင်ကျင့်သုံးနိုင်မည်  မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေကို ၂၀၁၇ ဧပြီ (၁) ရက်နေ့ တွင် စတင်ကျင့်သုံးနိုင်မည် Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.