နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ တို့တွေ့ဆုံ


ဂိုအာ အောက်တိုဘာ ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် ယမန်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီ မိနစ် ၄၀ တွင် ဂိုအာမြို့ရှိ Hotel Leela ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ သြဂုတ်လအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဆွေးနွေး သဘောတူညီခဲ့သည်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အဆင့်အသီးသီးတွင် ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန်စေလွှတ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများစတင်ရေးနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ရင်းနှီးစွာဆွေးနွေးကြသည်။


ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင် ပြည်နယ် မြောက်ပိုင်း ဒေသ နောက်ဆုံးဖြစ်ရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ တရုတ်သမ္မတ ရှီကျင့်ဖျင် က ကောင်းစွာ နားလည်သဘောပေါက်ကြောင်းနှင့် အပြုသဘော ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်သမ္မတနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပါတီဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့် မူဝါဒရေးရာ သုတေသန ရုံး အကြီးအကဲ MR.Wang Huning ၊ ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ပါတီအတွင်းရေးမှူးရုံးအဖွဲ့ဝင် MR. Li Zhanshu ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် MR. Yang Jiechi နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ တို့တွေ့ဆုံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ တို့တွေ့ဆုံ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.