နမ့်ခမ်းမြို့နယ်ပညာရေးမှူးအား နမ့်ခမ်းလူထု ဆန္ဒပြ


အောက်တိုဘာလ ၂၇ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ်တွင် သျှမ်းစာပေသင်ကြားရေး ဆရာ ဆရာမ များအား သုခုမ (ထောက်ပံ့ကြေး) အပြည့်အဝ မပေးဟုဆိုကာ မြို့နယ်ပညာရေးမှူးအား နမ့်ခမ်းမြို့သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းနှင့် လူထုမှ ဆန္ဒပြခဲ့ကြသည်။

“မြို့နယ်ပညာရေးမှူး ဒေါ်နီနီအောင်က တိုင်းရင်းသားစာပေသင်ကြားပေးတဲ့ ဆရာ/မတွေကို အစိုးရက ထောက် ပံ့လာတဲ့ ငွေကြေး အပြည့်အဝ မပေးဘူး။ တချို့ရှမ်းဆရာ/မတွေက နှစ်သောင်းရတယ်၊ တချို့ က သုံးသောင်း ရတယ်။ ဒီလို အပြည့်အဝ မရတာ၊ တန်းတူမရတာကို လွန်ခဲ့တဲ့ ၃ လမှ ကျနော်တို့ သိရတာ။ ထောက်ပံ့ငွေ တန်းတူညီတူရရှိဖို့၊ အပြည့်အဝ ရရှိဖို့အတွက် ဆန္ဒပြရတာပါ” ဟု နမ့်ခမ်းမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဒုဥက္ကဋ္ဌ စိုင်းထွန်းအေးက ပြောပါသည်။

နမ့်ခမ်းလူထုသည် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ခမ်းမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးမှ လမ်းမတော်သို့ ထွက်လာကာ မြို့တွင်း၌ တနာရီခန့် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

“သျှမ်းစာယဉ်ကနေ စ-ထွက်တုန်းကတော့ လူအင်အား ၅၀၀ လောက် ဘဲရှိတယ်။ လမ်းတလျှောက် ပြည်သလူထု ထပ်ဝင် လာတော့ ၃၀၀၀ လောက် ရှိသွားတယ်” ဟု စီတန်းလှည့်လည်ဆန္ဒပြသူ စိုင်းပီးက ပြောပါသည်။

အစိုးရက တိုင်းရင်းသားစာပေသင်ကြားပေးသည့် ဆရာ/ဆရာမများအား တစ်ဦးလျှင် တစ်လ ၃၀၀၀၀ ကျပ် ထောက်ပံ့ကြောင်း၊ အစိုးရကျောင်း၌ သျှမ်း၊ တအာင်း၊ ကချင်နှင့်လီစူးတိုင်းရင်းသားစာပေများ သင်ကြားပေး လျက် ရှိကြောင်း၊ အစိုးရပညာရေးကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ရပ်ကွက်တွင် သင်ကြားပေးသည့် ဆရာ/ ဆရာမအားလုံးကို ထောက်ပံ့ကြောင်း၊ သျှမ်းဆရာ/ဆရာမ အယောက် ၁၇၀ ခန့်ရှိကြောင်း ဆိုပါသည်။

“တခြားတိုင်းရင်းသားတွေတော့ အပြည့်အဝ ရ/မရဆိုတာ ကျနော်တို့လည်း မသိရဘူး။ ကျနော်တို့ကတော့ အစိုးရက ပေးသလောက် သျှမ်းဆရာ/ဆရာမတွေ အပြည့်အဝေ ရစေချင်တယ်။ သျှမ်းဆရာ/ဆရာမတွေ ခံစားထိုက်တဲ့ ထောက်ပံ့ငွေတွေ ကို ပညာရေးမှူးကနေ ထိန်းချုပ်မထားဘဲ သျှမ်းစာယဉ်အသင်းကို လာလွှဲပေး စေချင်တယ်။ သျှမ်းစာ၊ယဉ်အသင်းက သျှမ်းဆရာ/ဆရာမတွေကို ပြန်ဝေပေးမယ်” ဟု စိုင်းထွန်းအေးက ပြောပါသည်။

သျှမ်းစာပေသင်ကြားပေးသည့် ဆရာ/ဆရာမများ ထောက်ပံ့ငွေကြေး အပြည့်အဝ မရသည့်ကိစ္စကို ပြည်ထောင်စုအစိုးရ၊ သျှမ်းပြည်နယ်အစိုးရထံ စာတင်ရန်အတွက်လည်း စီစဉ်ထားသည်ဟု သိရသည်။

သျှမ်းသံတော်ဆင့် / မွေခေါဝ်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
နမ့်ခမ်းမြို့နယ်ပညာရေးမှူးအား နမ့်ခမ်းလူထု ဆန္ဒပြ  နမ့်ခမ်းမြို့နယ်ပညာရေးမှူးအား နမ့်ခမ်းလူထု ဆန္ဒပြ Reviewed by THITHTOOLWIN on 16:15 Rating: 5
Powered by Blogger.