ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာသားများအား သေနတ်ဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက်ခဲ့သည့် ဒုရဲအုပ်ကို ရဲတရားရုံးတွင် စစ်ဆေးပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့  ဌာနချုပ်မှ ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
"ဒီအမှုက ကျွန်တော်တို့နဲ့တော့ မဆိုင်တော့ပါဘူး။ ဒါပေမဲ့ သူ့ ကို သက်ဆိုင်ရာ လုံခြုံရေးရဲစစ်ကျောင်းက ရဲတရားရုံးဖွင့်ပြီး စစ်ဆေးတာ ပြီးသွားပြီလို့  သိရပါတယ်။ ပြီးရင် ရဲဌာနချုပ်ကနေပြီးတော့ သူ့ ကို ပြစ်ဒဏ် ချမှတ်သွားမှာပါ။"ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဒုရဲအုပ်၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေးရွာသားများက တိုင်ကြားခဲ့သဖြင့် ဥပဒေအတိုင်း ရဲစည်းကမ်းဖြင့် အရေးယူ ဆောင်ရွက်ထားခြင်းဖြစ်ပြီး နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဌာနချုပ်မှ ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာတွင် စက်တင်ဘာလ (၇) ရက်က ရာအိမ်မှူးရွေးချယ်ရေးကိစ္စနှင့် ပတ်သက်၍ အချေအတင် စကားများကြစဉ် တိုက်ခိုက်ရေးရဲစစ်ကြောင်းမှ ဒုရဲအုပ် စိုးဇော်ဇော်က ရွာသားတစ်ဦးအား သေနတ်ထုတ်ကာ ချိန်ရွယ်၍ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
Tachileik News Agency
http://www.tachileik.net
သေနတ်ဖြင့် ကျေးရွာသားများကို ခြိမ်းခြောက်သည့် ဒုရဲအုပ်အား ဌာနချုပ်မှ ပြစ်ဒဏ်ချမှတ်တော့မည်
Reviewed by THITHTOOLWIN
on
19:26
Rating:
