အိန္ဒိယ အကျဉ်းထောင်တွင် အစောင့်ကို သတ်ပြီး စစ်သွေးကြွ ၈ ဦး ထွက်ပြေးလွတ်မြောက်

ထောင်ဖောက်မှု ဖြစ်ပွားခဲ့သည့် ဘိုပါး အကျဉ်းထောင်တွင် လုံခြုံရေး အစောင့်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
   နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒရာ ပရာဒတ်ပြည်နယ် မြို့တော် ဘိုပါးရှိ အကျဉ်းထောင် အစောင့်အား အောက်တိုဘာလ ၃၁ ရက်၌ သတ်ကာ တရားမဝင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အစွန်းရောက် အစ္စလာမ်မစ် ကျောင်းသားများ လှုပ်ရှားမှုအဖွဲ့ဝင် (SIMI) အနည်းဆုံး၈ ဦး ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

“ရဲတင်းလွန်းတဲ့ ထောင်ဖောက်မှုဟာ ဘိုပါးမြို့လယ် အကျဉ်းထောင်မှာ ဒေသစံတော်ခ်ျိန် နံနက် ၂း၀၀ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်၊ ထောင်ဖောက်သူ စစ်သွေးကြွတွေဟာ ဓားနဲ့ အစောင့်ကို သတ်သွားပြီး စောင်တွေ အသုံးပြုကာ ထောင်နံရံကို ကျော်ဖြတ်သွားခဲ့တယ်” အမည်မဖော်လိုသူ အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ ဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် ပြည်နယ် အစိုးရက ညွှန်ကြားထားကြောင်း၊ တာဝန်လစ်ဟင်းမှု စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဘူပန်ဒြာ ဆင်းက မီဒီယာသို့ ပြောသည်။

ယခုလို ထောင်ဖောက်ခြင်းသည် ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။ ၂၀၁၃ ခုနှစ်က ဘိုပါးမြို့နှင့် ကီလိုမီတာ ၂၈၀ ကွာဝေးသည့် ခန့်ဝါ အကျဉ်းထောင်၌ အများသုံး သန့်စင်ခန်း နံရံအား ကျော်ဖြတ်ကာ တရားမဝင် အသင်းအဖွဲ့ဝင် စစ်သွေးကြွ ၇ ဦးက ထောင်ဖောက်မှု ဖြစ်ပွားခဲ့သေးသည်။

SIMI အဖွဲ့အား တရားမဝင်အဖွဲ့ဖြစ်ကြောင်း ၂၀၀၁ ခုနှစ်က ကြေညာခဲ့သည်။ ယင်း အဖွဲ့သည် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွယ်မှု ရှိကြောင်း အိန္ဒိယက ပြောကြားထားသည်။

၂၀၀၃ ခုနှစ်တွင် လူပေါင်း အနည်းဆုံး ၅၀ ကျော် သေဆုံးခဲ့သည့် မွမ်ဘိုင်း ပေါက်ကွဲမှုကို ထိုအဖွဲ့က ကျူးလွန်ကြောင်း အိန္ဒိယ အစိုးရက စွပ်စွဲခဲ့သော်လည်း SIMI အဖွဲ့က ယင်းအချက်အား ငြင်းပယ်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယ အကျဉ်းထောင်တွင် အစောင့်ကို သတ်ပြီး စစ်သွေးကြွ ၈ ဦး ထွက်ပြေးလွတ်မြောက် အိန္ဒိယ အကျဉ်းထောင်တွင် အစောင့်ကို သတ်ပြီး စစ်သွေးကြွ ၈ ဦး ထွက်ပြေးလွတ်မြောက် Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.