စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံအဖြစ် ပခုံးချင်းယှဉ်၊ယိုင်းပင်း ရပ်တည်သွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြောကြား


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းတဲ့ အမျှော်အမြင်နဲ့ရင့်ကျက်တဲ့ခေါင်းဆောင်မှု၊ အနစ်နာခံမှုနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် တကမ္ဘာလုံးက ကြည်ညိုလေးစားနေရပါကြောင်း၊ ယုံကြည် စိတ်ချရတဲ့ အိမ်နီးချင်းလက်တွဲဖော်နဲ့ မိတ်ဆွေကောင်းတွေအဖြစ် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ အတူ ပခုံးချင်းယှဉ် ယိုင်းပင်း ရပ်တည်သွားမှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ မနက်ပိုင်းက နယူးဒေလီ မြို့တော်ရှိ ဝန်ကြီးချုပ်အိမ်တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် မိုဒီက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မြန်မာနဲ့အိန္ဒိယအကြား နယ်ခြားဒေသတလျောက် လုံခြုံရေး ပိုပြီးနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့၊ မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကို အပြန်အလှန် အသိမှတ်ပြုပြီး ၂ နိုင်ငံအကျိုးကို အလေးထားဆောင်ရွက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယဝန်ကြီးချုပ်က ပြောကြားပါတယ်။

ကုလားတန်စီမံကိန်း၊ ၃ နိုင်ငံအမြန်လမ်းမကြီး စီမံကိန်းအပါအဝင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ကူညီတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၇ဝဝ ကျော် နည်းပညာနဲ့ငွေကြေး အကူအညီတွေဟာ မြန်မာ ပြည်သူတွေကို အခြေခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးသဘောတူရာမှာ စိုက်ပျိုးရေး၊ စွမ်းအင်ကိစ္စရပ်တွေပါဝင်ကြောင်းလည်း မစ္စတာမိုဒီကပြောပါတယ်။


အိန္ဒိယနိုင်ငံအနေနဲ့ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ပုဂံစေတီပုထိုးပြင်ဆင်ထိန်းသိမ်းရေး၊ မဏိပူရ်ပြည်နယ် မိုရေးမြို့ကနေ မြန်မာဖက်ခြမ်း တမူးမြို့ကို လျှပ်စစ်းမီးပိုမိုပေးပို့ရေး သဘောတူခဲ့သလို ဘီဟာပြည်နယ် ဗုဒ္ဓဂယာမှာ ရှိတဲ့ မင်းတုန်းမင်းနဲ့ ဘကြီးတော်ဘုရားကောင်းမှုစေတီတော်တွေနဲ့ ကျောက်စာတွေကို အိန္ဒိယရှေးဟောင်းသုတေသနအဖွဲ့က မကြာခင်ပြင်ဆင် ထိန်းသိမ်းပေးသွားမယ် လို့လည်း အိန္ဒိယဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန်က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ BIMSTEC ခေါ် ဘင်္ဂလား ပင်လယ်ကွေ့ နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရင်း အိန္ဒိယနိုင်ငံကို အလည်ပတ်ခရီးရောက်နေတာဖြစ်ပြီး မနေ့က အိန္ဒိယသမ္မတနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။

Photo - Vikas Swarup
RFA Burmese
https://www.facebook.com/rfaburmese
စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံအဖြစ် ပခုံးချင်းယှဉ်၊ယိုင်းပင်း ရပ်တည်သွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြောကြား စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံအဖြစ် ပခုံးချင်းယှဉ်၊ယိုင်းပင်း ရပ်တည်သွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြောကြား Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.