မောင်တောမြို့နယ်တွင် လုံခြုံရေးအထူးသတိရှိဖို့ ဌာနဆိုင်ရာများကို သတိပေး


အောက်တိုဘာ ၈/DMG

ရခိုင်နယ်စပ်မြို့တော်ဖြစ်သော မောင်တောမြို့နယ်တွင် လုံခြုံရေးအထူးသတိရှိဖို့ ဌာနဆိုင်များကို မြို့နယ်အုပ် ချုပ်ရေးမှူးရုံးက သတိပေးညွှန်ကြားလိုက်ကြောင်း သိရသည်။

အဆိုပါ သတိပေးစာကို အောက်တိုဘာလ ၄ ရက်နေ့တွင် မြို့နယ်ရှိ ဌာနဆိုင်ရာများကို ပေးပို့ထားပြီးဖြစ်ကာ အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့နှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက စစ်ရေး၊ နိုင်ငံရေးနည်းလမ်းများကို အသုံးပြုလျက် ဆန့်ကျင်တိုက်ခိုက်မှုများကို လုပ်ဆောင်လာနိုင်သည်ဟု သုံးသပ်တွေ့ရှိထားသဖြင့် ယခုကဲ့သို့ လုံခြုံရေး သတိရှိဖို့ သတိပေးညွှန်ကြားလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

“အဆောက်အအုံတွေ၊ တပ်စခန်းတွေမှာ အားလုံးလုံခြုံရေးသတိရှိဖို့တော့ သတိပေးစာတစ်စောင်ရောက်နေပါတယ်။ ဒီစာကို ရတဲ့နေ့ကစပြီး အရေးပေါ်ကာလလို့ သတ်မှတ်ထားပါတယ် ”ဟု မောင်တောမြို့မ ရဲစခန်းမှ ရဲစခန်းမှူးက ဆိုသည်။

ယနေ့(အောက်တိုဘာလ ၉) ရက်နေံ၊နံနက် ၂ နာရီအချိန်ခန့်က ရခိုင်နယ်စပ် နယ်ခြားစောင့်တပ်စခန်းများကို RSO ဟု ယူဆရသည့်အဖွဲ့တစ်ခုက တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ကျီးကန်းပြင် စစ်ဌာနချုပ်မှ လက်နက် ၅၀ ကျော်ခန့် လုယက်ခံခဲ့ရကာ တပ်ဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

မောင်တောမြို့နယ် ကျီးကန်းပြင် စစ်ဌာနချုပ်၊ ငခူရနယ်ခြားစောင့်စခန်းများ၊ ရသေ့တောင်မြို့နယ် ကိုးတန်းကောက်စခန်းများမှာ ယနေ့ နံနက် ၂ နာရီအချိန်ခန့်က တပြိုင်နက်တည်း တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်းနှင့် ကိုးတန်းကောက်စခန်းမှ တပ်ဖွဲ့ဝင် (၂)ဦးဒဏ်ရာရလျက်ရှိပြီး တပ်ဖွဲ့ဝင် ၁ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။

လတ်တလောမောင်တောမြို့ပေါ်တွင် လုံခြုံရေးကို အထူးတင်းကြပ်ထားကြောင်းသိရပြီး တိုက်ခိုက်ခဲ့သူများအား ရှာဖွေရေးများပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ
မောင်တောမြို့နယ်တွင် လုံခြုံရေးအထူးသတိရှိဖို့ ဌာနဆိုင်ရာများကို သတိပေး မောင်တောမြို့နယ်တွင် လုံခြုံရေးအထူးသတိရှိဖို့ ဌာနဆိုင်ရာများကို သတိပေး Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.