"ဝ"အဖွဲ့မှ ဆည် တည်ဆောက်ထားမှုကို ပုံပါကျင် ဒေသခံများ ကန့်ကွက်၍ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ရှိ နမ့်ဟူးချောင်းရေထွက်တွင် (ဝ)အထူးဒေသ(၂)မှ ဆည် တည်ဆောက်ထားရှိမှုကြောင့် ဒေသခံလယ်သမားများ ရေလုံလောက်စွာ မရရှိနှင့် ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြသဖြင့် တာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။


"နမ့်ဟူးချောင်း အခုဖိုင်ဘွန်းဆည်တည်ဆောက်ထားတဲ့နေရာမှာ သဘာဝရေထွက်နှစ်ခုရှိတယ်။ နမ့်ဖိုင်ရေထွက်လို့ခေါ်တယ၊်၊ ရေထွက်များတဲ့နေရာကို ဆည်ဆောက်ထားလိုက်တော့ ကျွန်တော်တို့ ဒေသခံတွေရဲ့ လယ်ဧက(၁၂၀၀)လောက် မိုးစပါးပြီးချိန် ကြက်သွန်ဖြူစိုက်ရာသီမှာ ရေအလုံအလောက် မရနိုင်တော့တဲ့အတွက် ကန့်ကွက်ခဲ့ကြတာပါ။ ဆည်ဆောက်နေတုန်းကလည်း ဒေသခံတွေက မသွားရဲကြဘူး။ အခက်အခဲဖြစ်လာလို့ ပုံပါကျင် ထွေ/အုပ်ကို တင်ပြပြီး ကန့်ကွက်ခဲ့တာ"ဟု ဒေသခံတောင်သူ ဦးစိုင်းဝဏ္ဏက ပြောသည်။

အဆိုပါ ဆည်မှာ"ဝ"အထူးဒေသ(၂)မှ နမ့်ဟူးချောင်းရေထွက်နေရာတွင်၂၀၀၁ခုနှစ်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ထံ တင်ပြခွင့်ပြုချက်ရယူပြီး အလျားပေ(၂၀၀)၊ အမြင့်(၃၀)ပေ သံကူကွန်ကရစ်ဆည်နှင့် မြေသားတာပေါင်တည်ဆောက်ခဲ့ကာ ကျပ်သိန်း(၃၂၀၀)ခန့်ကုန်ကျခဲ့သဖြင့် ၂၀၁၃ ခုနှစ်တွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆည်စတင်ဆောက်လုပ်ချိန်မှာရော ပြီးစီးချိန် အထိနဲ့ ဖွင့်ပွဲဆောင်ရွက်ခဲ့တဲ့အချိန်ထိ ဘယ်သူမှ ကန့်ကွက်ခဲ့ကြတာမရှိပါဘူး။ ဒီဆည်တည်ဆောက်ရတာကလည်း ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးရေးဧရိယာအတွင်းမှာ မိုးစပါးဆည်ရေသောက်ဧက(၅၀၀)နဲ့ လိမ္မော်ခြံတွေအတွက်ပါ။ ပိုလျှံတဲ့ရေကလည်း ချောင်းထဲပြန်စီးသွားအောင် လုပ်ထားတာပါ။ ဆည်ကနေဒေသခံတွေအတွက်လည်း ရေထုတ်မြောင်းတစ်ခု ကျွန်တော်တို့အတွက် ရေထုတ်မြောင်းတစ်ခု ဆောင်ရွက်ပေးထားတာပါ ။ ဒေသခံတွေဖက်ပေးထားတဲ့ ရေမြောင်းရဲ့ချောင်းရိုးပေါ်မှာလည်း ရေထွက်တစ်ခုရှိပါသေးတယ် ။ ရေမလုံလောက်တာကတော့ သူတို့လုပ်ထားတဲ့ ရေလွှဲယူတဲ့ လက်ရိုက်ဆည်တွေကို အမှိုက် နုန်းတွေ ဆယ်ယူတူးဖော်ရှင်းလင်းတာ ဘာမှမလုပ်တော့ ရေကလျှံထွက်သွားတာကြောင့်ဖြစ်မယ်။ ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ ဒေသခံကို ဆောင်ရွက်ပေးထားပါတယ်"ဟု "ဝ"အထူးဒေသ(၂) ဟွေအော ဆက်ဆံရေးရုံးတာဝန်ခံ ဦးနော်မိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆည် တည်ဆောက်ထားရှိမှု ရေထွက်နှုန်း ရေစီးဆင်းမှု ဖြန့်ဝေထားရှိမှုနှင့် စိုက်ပျိုးဧရိယာအတွင်း ရေလုံလောက်စွာ ရရှိမှု ရှိ/မရှိတို့အား စစ်ဆေးရာတွင် မိုင်းဆတ်ခရိုင်ဆည်မြောင်းဦးစီးအရာရှ်ိ ဦးငွေစိုးနှင့် ဒုဦးစီးမှူး ဦးဇော်ဟန်၊ ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ဝေလင်း၊ မြေစာရင်းဌာနမှ ဒုဦးစီးမှူး ဦးခင်မောင်ထွေး၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လတ်၊ မိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းစိုး၊ (ဝ)အထူးဒေသ(၂)ဟွေအောဆက်ဆံရေးရုံးမှတာဝန်ခံ ဦးနော်မိန်းနှင့်အဖွဲ့ဝင်(၂)ဦး၊ ဒေသခံလယ်သမားဦးစိုင်းဝဏ္ဏနှင့် အဖွဲ့ဝင်(၂)ဦးတို့ ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ ဖိုင်ဘွန်းဆည်(ခ)ပုံအံ့ဆည်အား ရေထွက်အားနည်းမှုမရှိစေရေး အမြင့်(၃)ပေခန့် လျော့ချရန် လိုအပ်ပြီး ဒေသခံတောင်သူများ အနေဖြင့်လည်း ရေစီးရေလာကောင်းမွန်စေရေး ပိတ်ဆို့နေသော ကိုင်းပင်မြက်ပင်များရှင်းလင်းခြင်း၊ လယ်ကန်သင်းများ ခိုင်ခန့်အောင်တည်ဆောက်ခြင်း၊ ရေအလှည့်ကျစနစ်ဖြင့် ရေသွင်းခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း အစီရင်ခံစာကို မိုင်းတုံနှင့် ပုံပါကျင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ မိုင်းဆတ်ခရိုင် ဆည်မြောင်းဦးစီးဌာနမှ ပေးပို့ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ
Tachileik News Agency
http://www.tachileik.net
"ဝ"အဖွဲ့မှ ဆည် တည်ဆောက်ထားမှုကို ပုံပါကျင် ဒေသခံများ ကန့်ကွက်၍ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး  "ဝ"အဖွဲ့မှ ဆည် တည်ဆောက်ထားမှုကို ပုံပါကျင် ဒေသခံများ ကန့်ကွက်၍ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.