၂၀၁၂ မောင်တော တိုက်ခိုက်မှုနှင့် ၂၀၁၆ တိုက်ခိုက်မှု ဦးတည်ချက် ဗျူဟာ ကွဲပြားဟုဆို


နိရဉ္စရာ၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း ယခု လက်ရှိ ဖြစ်ပွားနေသော တိုက်ခိုက်မှုနှင့် လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို နှိုင်းယှဉ်ပါက တိုက်ခိုက်သူများ၏ ဦးတည်ချက် ဗျူဟာမှာ ပုံစံ မတူဘဲ ကွဲပြားနေသည်ဟု မောင်တော မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော် က ပြောကြား လိုက်သည်။

အောက်တိုဘာလ ၁၂ ရက် နေ့လယ်က ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် ဦးဆောင်သော အစိုးရအဖွဲ့နှင့် ရခိုင်တိုင်ရင်းသား ၂၀၀ ခန့် မောင်တောမြို့ သီရိမင်္ဂလာခန်းမတွင် တွေ့ဆုံစဉ် မောင်တော မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ထိုသို့ တင်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခု အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စဟာ ၂၀၁၂ က ဖြစ်စဉ်နဲ့ မတူပါဘူး။ ၂၀၁၂ ခုနှစ်က ဒေသခံ တိုင်းရင်းသားတွေကို ပစ်မှတ်ထားတိုက်ခိုက်ပေမယ့် အခုတော့ လုံခြုံရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သေချာ လေ့လာသုံးသပ်ဖို့ လိုအပ်နေပါတယ်” ဟု ဦးလှထွန်းကျော်က ပြောဆိုသည်။


၎င်းပြင် ယခုတိုက်ခိုက်မှုသည် အစိုးရကို ဦးတည်ပြီး တိုက်ခိုက်သဖြင့် နိုင်ငံတစ်ခု ထူထောင်ဖို့ ခြေလှမ်း တစ်ခုဟု မြင်ကြောင်း သူက ပြောဆိုသည်။

“ သူတို့ရဲ့ ဘူးသီးတောင် မောင်တော အနည်းဆုံး နှစ်နေရာကို တိုက်ခိုက် သိမ်းပိုက်ပြီးတော့ နိုင်ငံ ထူထောင်မှုကို အကောင်အထည် ဖေါ်တဲ့ လုပ်ရပ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်တွင် တရားဥပဒေစိုးမိုးမှုကို ရလိုပါက ဘင်္ဂလီကျေးရွာများကို ဌာနဆိုင်ရာ ၀န်ထမ်းများ အနေဖြင့် လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့်ရရန် လိုအပ်ကြောင်းလည်း ဦးလှထွန်းကျော်က တင်ပြသည်။

“ ဒေသရဲ့ ဥပဒေ စိုးမိုးရေးအတွက် အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ဆိုရင် နိုင်ငံတော် ဝန်ထမ်းတွေ အနေနဲ့ ဘင်္ဂလီ ကျေးရွာတွေကို ဘေးကင်း လုံခြုံစွာ ဝင်ထွက် သွားလာနိုင်ဖို့ လိုပါတယ်။ ဒေသလုံခြုံရေး အတွက် ဆောင်ရွက်မယ်ဆိုရင်လဲ ဘင်္ဂလီအကြမ်းဘက်သမား တည်ဆောက်ထားတဲ့ UG တွေနဲ့ ဝှက်ထားတဲ့ လက်နက်တွေကို ဖေါ်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်” ဟု ဦးလှထွန်းကျော်က တွေ့ဆုံပွဲတွင် ပြောဆိုသည်။

အနောက်တံခါး နယ်စပ်လုံခြုံရေးကို အကောင်အထည်ဖေါ်ဆောင်နိုင်ရန် နယ်စပ်တွင် တာဝန်ကျနေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လစာကို လုံလောက်စွာပေးရန်လိုအပ်ကြောင်း တပ်အင်အား အပြည့် အဝနှင့် ခေတ်မီလက်နက်များကို တပ်ဆင်ပေးဖို့လိုအပ်ကြောင်း၊ ယခု စစ်ဆင်ရေးပြုလုပ် နေစဉ်ကာလ အတွင်းတွင်လည်း တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အတွက် ရိက္ခာ လစာနှင့် ခံစားခွင့်ကို အပြည့်အဝ ဖြည့်ဆည်း ပေးဖို့လိုအပ်ကြောင်း တင်ပြ ပြောကြားခဲ့သည်။

စံမောင်သန်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
၂၀၁၂ မောင်တော တိုက်ခိုက်မှုနှင့် ၂၀၁၆ တိုက်ခိုက်မှု ဦးတည်ချက် ဗျူဟာ ကွဲပြားဟုဆို ၂၀၁၂ မောင်တော တိုက်ခိုက်မှုနှင့် ၂၀၁၆ တိုက်ခိုက်မှု ဦးတည်ချက် ဗျူဟာ ကွဲပြားဟုဆို Reviewed by THITHTOOLWIN on 11:52 Rating: 5
Powered by Blogger.