ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ကြိုးများဖြုတ်ခဲ့သူ နယ်သာလန်နိုင်ငံသားအား စွဲချက်တင်ရန် လျှောက်ထား


မန္တလေးမြို့၊ ရတနာဘုမ္မိအရှေ့ရပ်၊ သုစရိတဓမ္မာရုံတွင် စက်တင်ဘာ ၂၃ ရက်ညက၀တ်ရွတ်နေစဉ် အသံချဲ့စက်မိုက်ကြိုးများကို ဆွဲဖြုတ်ခဲ့သူ နယ်သာလန်နိုင်ငံသား၏အမှုအား စွဲချက်တင်ရန် အောက်တိုဘာ ၃ ရက်နေ့၊ မွန်းလွဲ ၄ နာရီက မြို့နယ်ဥပဒေအရာရှိ ဦးစည်သူဆွေထွန်းမှ တရားသူကြီးထံ တင်ပြလျှောက်ထားသည်။

“သက်သေထွက်ချက်တွေ၊ မှုခင်းမှတ်တမ်းများအရ ဓမ္မာရုံထဲကိုဖိနပ်စီးဝင်တာကြောင့် ပုဒ်မ ၂၉၅-နဲ့ ညိစွန်းတာ ပေါ်လွင်တယ်။ ဗီဇာနဲ့ ၀င်ရောက်လာသူ နိုင်ငံခြားသားက ဗီဇာစည်းကမ်းအရ နိုင်ငံရဲ့ ဘာသာ/သာသနာနဲ့ ဓလေ့ထုံးစံတွေကို လိုက်နာရမှာဖြစ်ပေမယ့် မလိုက်နာဘူး”ဟု ၄င်းက ပြောသည်။

နယ်သာလန်နိုင်ငံသားမှာ Mr. KLAAS HAYTEMA သည် ဘာသာသာသနာကို ညှိုးနွမ်းစေခြင်း ရာဇသတ်ကြီးပုဒ်မ ၂၉၅ နှင့်လည်းကောင်း၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ၁၃ (၁) ဖြင့်လည်းကောင်း အမှုရင်ဆိုင်နေရသူဖြစ်သည်။

“သက်သေထွက်ဆိုချက်များအရ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ညိနေတယ်။ သူ့ဘက်ကစွဲချက်တင်ဖို့ လျှောက်ထားချက်အပေါ် သူ့ဘက်ကနေ တင်သင့်/မတင်သင့်ကိုရုံးတော်မှ လျှောက်ထားလို့ရတယ်”ဟု တရားသူကြီးက ပြောသည်။

စက်တင်ဘာ ၂၈ ရက်နေ့ကစ၍ စစ်ဆေးခဲ့ရာ ယနေ့ထိ တရားလိုပြသက်သေများကိုစစ်ဆေးခဲ့ပြီး ခိုင်လုံသောထွက်ဆိုချက်များကြောင့် ယင်းအမှုကို စွဲချက်တင်ရန် လျှောက်ထားခြင်းဖြစ်၍ စွဲချက်တင်သင့်/မတင်သင့်ကို မနက်ဖန်အောက်တိုဘာ ၄ ရက်နေ့တွင် တရားသူကြီးမှ ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ကြိုးများဖြုတ်ခဲ့သူ နယ်သာလန်နိုင်ငံသားအား စွဲချက်တင်ရန် လျှောက်ထား ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ကြိုးများဖြုတ်ခဲ့သူ နယ်သာလန်နိုင်ငံသားအား စွဲချက်တင်ရန် လျှောက်ထား Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.