ရိုးသားမှုကြောင့် ဂုဏ်ပြုခံရသူ အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်


မိမိရဲ့အငှားယာဉ်ပေါ်မှာ ခရီးသည်မေ့ကျန်ခဲ့တဲ့ ရတနာပစ္စည်းတွေ ပိုင်ရှင်ကို ပြန်ပေးခဲ့တဲ့လုပ်ရပ်ဟာ ဒီလောက်အထိ ဂုဏ်ပြုခံရလိမ့်မယ်ဆိုတာ ထင်မထားခဲ့မိ ပါဘူးလို့ အသက်(၃ဝ)အရွယ် အေးချမ်းတည်ငြိမ်တဲ့ မျက်နှာထားပိုင်ရှင် ကိုသန်းထိုက်ကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် မိဘများနှင့်အတူ ဇနီး၊ သမီးတစ်ယောက်နဲ့ မိသားစုဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်အဖို့ ယခုနှစ် စက်တင်ဘာလအတွင်း သူ့ရဲ့အငှားယာဉ်ပေါ်မှာ ခရီးသည်တစ်ဦး ကျန်ရစ်ခဲ့တဲ့ ရတနာပစ္စည်းတွေကို ပိုင်ရှင်ဖြစ်သူထံ ရိုးသားစွာပြန်လည် ပေးအပ်ခဲ့မှုက ဖြူစင်ရိုးသားသူ၊ အကျင့်စာရိတ္တကောင်း မွန်သူအဖြစ် သူ့ကို ထင်ရှားစေခဲ့တာပါ။

နေ့စဉ် ကားမောင်းလို့ရတဲ့ ဝင်ငွေနဲ့ မိသားစုဘဝ ရပ်တည်နေရပြီး ပြည့်စုံကုံလုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်သူဟုမဆိုနိုင်တဲ့သူ့အတွက် ခရီးသည်ကျန်ရစ် ခဲ့တဲ့ သိန်းတစ်ထောင်တန် ရတနာပစ္စည်းတွေက ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ကိုယ်ချင်းစာတရားရှိသူ သူ့ကို ထူးထွေပြီး မည်သို့မျှ မဆွဲဆောင်နိုင်ခဲ့ပါ။

''ပစ္စည်းကျန်ခဲ့တဲ့သူတွေ စိတ်ပူနေမှာပဲဆိုပြီး ကိုယ်ချင်းစာစိတ်တစ်ခုတည်းနဲ့ ပြန်ပေးခဲ့တာပါ။ ပစ္စည်းတွေပေါ်မှာလည်း ဘာလောဘစိတ်မှမရှိခဲ့ဘူး''ဟု ကိုသန်းထိုက်ကျော်က ပြောပါတယ်။


အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီး ကိုသန်းထိုက်ကျော်က ''စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ခရီးသည် တစ်ယောက် ပြည်သူ့ရင်ပြင်နားကနေ ပန်းဆိုးတန်းကို ကားငှားတယ်။ သူသွားချင်တဲ့နေရာမှာ ချပေးခဲ့ပြီး ခရီးသည် ထပ်မရတော့လို့ ည ၇ နာရီလောက်မှာ အိမ်ကိုပြန်ခဲ့တယ်။ နောက်နေ့မနက် ကားရေဆေးမယ်လုပ်တော့ နောက်ခန်းထဲမှာ အထုပ်တစ်ထုပ်ကျန်နေတာတွေ့တာနဲ့ ဖွင့်ကြည့်လိုက်တော့ ရတနာပစ္စည်းတွေဖြစ်နေတာ တွေ့ရပြီး ပိုင်ရှင်ကို ပြန်ပေးနိုင်အောင် ဆက်သွယ်ခဲ့တယ်''ဟု ပြန်ပြောင်းပြောပြခဲ့ပါတယ်။

ခရီးသည်ကျန်ရစ်ခဲ့တဲ့ ရတနာပစ္စည်းတွေကို အမြန် ပြန်လည်ပေးနိုင်ဖို့အတွက် ကြိုးစားနေချိန်မှာ ရတနာ ပစ္စည်းမေ့ကျန်တဲ့သူက လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားထာတွေ့တယ်လို့ ညီမဖြစ်သူရဲ့ပြောပြမှုကြောင့် ပိုင်ရှင်နဲ့ဆက်သွယ်မှုရရှိခဲ့ပြီး ပြန်ပေးခဲ့တာဖြစ်ကြောင်း ကိုသန်းထိုက်ကျော်က ပြောပြပါတယ်။

ဖြူစင်ရိုးသားမှုရဲ့ လက်ငင်းအကျိုးပေးရလဒ်အနေနဲ့ ပစ္စည်းပိုင်ရှင်က အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်အား ရင်းနှီးစားသောက်နိုင်ဖို့ မော်တော်ကားတစ်စီး ပေးအပ်ချီးမြှင့်ခဲ့ပြန်ပါတယ်။

''ပိုင်ရှင်က တော်တော်ဝမ်းသာသွားတယ်။ ပြန်မရ နိုင်တော့ဘူးထင်ထားတာလေ။ ချက်ချင်းပြန်ရတယ်ဆိုတော့ ဝမ်းသာပြီး ပိုင်ရှင်က သူပြောတဲ့အတိုင်း ထိုက်ထိုက်တန်တန်ချီးမြှင့်ပါတယ်။ ကားကတော့ မရောက်သေးဘူး။ မှာတော့ထားပြီးပါပြီ''ဟု ကိုသန်းထိုက်ကျော်က ပြောပါတယ်။

ငယ်စဉ်ကတည်းက ရိုးသားအေးဆေးစွာနဲ့ မိဘ၊ ညီအစ်ကို၊ ဦးလေးများရဲ့ ဆုံးမသွန်သင်မှုများနှင့် စာအုပ် စာပေဖတ်ရှုခြင်းအပြင် အေးချမ်းတဲ့ပတ်ဝန်းကျင် မှာ နေထိုင်ကြီးပြင်းခဲ့ရတဲ့အတွက် ယခုကဲ့သို့ ကောင်းမွန်တဲ့ စိတ်ဓာတ်ကောင်းများရရှိခဲ့တာလို့ ကိုသန်းထိုက်ကျော်က ပြောပါတယ်။

''ကိုယ်ချင်းစာစိတ်ထားရမယ်၊ သူများပစ္စည်းကို လွယ်လွယ်ရလည်း မယူရဘူးလို့ မိဘတွေက ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ဆုံးမနေတုန်းပါ''လို့ သူက ပြောပါတယ်။

အစ်ကိုဝမ်းကွဲတော်စပ်သူရဲ့ မကြာခဏဆုံးမလေ့ရှိတဲ့ ''ကိုယ်ပြောတဲ့စကားကြောင့် သူတစ်ပါးထိခိုက်မလား၊ ကိုယ်လုပ်တဲ့အလုပ်ကြောင့် သူတစ်ပါးနစ်နာမလား ဆိုပြီး လုပ်သင့်၊ မလုပ်သင့်ချင့်ချိန်ပြီးလုပ်''ဆိုတဲ့စကားကို ယနေ့ အချိန်အထိ စွဲမြဲနာခံနေဆဲပင်ဖြစ်တယ်လို့လည်း ကိုသန်းထိုက်ကျော်က ပြောပါတယ်။

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး အံ့သြဖွယ်ရာ၊ လေးစားဖွယ်ရာ၊ အတုယူဂုဏ်ယူဖွယ်ရာဖြစ်တဲ့ ကိုသန်းထိုက်ကျော်တစ်ယောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ် ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရပြီဖြစ်ပါတယ်။

''တီဗွီမှာ ကျွန်တော့်ကို နိုင်ငံတော်အတိုင်ပင်ခံက ချီးကျူးဂုဏ်ပြုတဲ့အကြောင်း ကြေညာတဲ့ သတင်းကြည့်ရင်း ကျွန်တော်တို့မိသားစုအတွက် အဲဒီညက ပျော်စရာအလွန် ကောင်း တဲ့ည ဖြစ်သွားတယ်။ အံ့သြလွန်းလို့ ကျွန်တော် ယုံတောင်မယုံနိုင်ဘူး''ဟု ကိုသန်းထိုက်ကျော်က ပြောပါတယ်။

အနာဂတ်မှာ မိမိမျိုးဆက် သမီးငယ်လေးအား အကျင့်စာရိတ္တကောင်းမွန်ပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ဦးဖြစ်စေဖို့ ရည်မှန်းထားပြီး အေးချမ်းစွာ ဘဝကိုဖြတ်သန်းနေဦးမည့် ကိုသန်းထိုက်ကျော်က မိတ်ဆွေ အငှားယာဉ်မောင်းသမားများအတွက်လည်း ''ကိုယ်ချင်းစာစိတ်နဲ့ ရိုးသားမှုဟာ အလုပ်အကိုင်တွေကို အဆင်ပြေစေပါတယ်။ ကျွန်တော်တို့ အငှားယာဉ်မောင်း သမားတွေက လူပေါင်းစုံနဲ့ဆက်ဆံရတဲ့အတွက် ပိုလို့တောင် ရိုးသားဖို့လိုပါတယ်'' ဟု စကားလက်ဆောင်ပါး လိုက်ပါသေးတယ်။ ။

သတင်းဆောင်းပါး-သီသီမင်း၊မင်းသစ်
ဓာတ်ပုံ -နေလင်း
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရိုးသားမှုကြောင့် ဂုဏ်ပြုခံရသူ အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်  ရိုးသားမှုကြောင့် ဂုဏ်ပြုခံရသူ အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော် Reviewed by THITHTOOLWIN on 06:56 Rating: 5
Powered by Blogger.