သားလေး ကောင်းရာ ဘုံဘ၀ရောက်ပါစေလို့ ဆုတောင်းရုံပဲ တတ်နိုင်တော့တယ်


''သားကြိုးစားကြည့်ချင်တယ်ဆိုပြီး စစ်တက္ကသိုလ်ကို ရွေးချယ်လိုက်တဲ့သားက အခုတော့ သူ့ကံကြမ္မာကို သူရွေးချယ်လိုက်သလိုဖြစ်သွားတာပါ''ဟု ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် စီနီယာမှ ဂျူနီယာသို့ အုပ်ချုပ်သော စနစ်ဖြင့် ဆုံးမစဉ် လက်လွန်၍ ဆုံးပါးသွားခဲ့သည့် ဗိုလ်လောင်းအောင်ညီညီဇော်၏ ဖခင်က ပြောသည်။

အောက်တိုဘာ (၇)ရက် ညနေက နောက်ဆုံးနှစ်ကျောင်းသားဖြစ်သူ ဗိုလ်လောင်းဇွဲမာန်အောင်က ဒုတိယနှစ် ကျောင်းသားဖြစ်သူ ဗိုလ်လောင်းအောင်ညီ ညီဇော်အား လက်သီးဖြင့်ထိုး၍ ဆုံးမစဉ် လက်လွန်သေဆုံးသွားခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။

''ကိုယ့်သားသမီးကျမှ ဒီလိုဖြစ်ရလေခြင်းဆိုပြီး ခံစားရတယ်။ အံ့သြရတယ်။ ဘယ်လိုမှ မျှော်လင့်မထားတဲ့အရာ ကြီး ဖြစ်ပျက်ခဲ့တာပဲ''ဟု ဗိုလ်လောင်းအောင်ညီညီဇော်၏ဖခင် ဦးခင်ဇော်ဝင်းက ပြောသည်။ ယင်းဖြစ်စဉ်အတွက် စစ်တက္ကသိုလ်မှ တာဝန်ရှိသူများက စစ်တက္ကသိုလ်တွင် ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်ခွင့်မရှိသည့်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည့်စာများ ၎င်းတို့အား ထုတ်ပြခဲ့သည်ဟု ဆိုသည်။

''တာဝန်ရှိသူတွေ ထုတ်ထားတဲ့ စည်းကမ်းကို ကြပ်မတ်စေချင်တယ်။ စီနီယာက ဂျူနီယာကို အုပ်ချုပ်တာထက် တခြားနည်းလမ်းတွေရှိဦးမှာပါ။ ကိုယ့်သားလေးလိုအဖြစ်ဆိုးမျိုး နောင်လည်း မမြင်ချင် မကြားချင်တော့လို့ပါ''ဟု ပြောသည်။

ဗိုလ်လောင်းအောင်ညီညီဇော်အား လက်သီးဖြင့်ထိုးခဲ့သည့် ဗိုလ်လောင်းဇွဲမာန်အောင်နှင့်အတူ မိဘနှစ်ပါးက ဦးခင်ဇော်ဝင်းတို့ ဇနီးမောင်နှံအား တောင်းပန်လိုသည်ဟု ခွင့်တောင်းသဖြင့် ခွင့်ပြုခဲ့ပြီး ၎င်းတို့မှ ခြေသလုံးဖက်၍ပင် တောင်းပန်ခဲ့သည်ဟု ဆိုသည်။

''ကျောင်းက တာဝန်ရှိသူတွေက မြန်မာဓလေ့ထုံးတမ်းအရ ၀န်ချတောင်းပန်တာ ဖြစ်တယ်။ ကျေအေးဖို့ မဟုတ်ဘူး။ ကျောင်းက စီစဉ်ပေးတာလည်းမဟုတ်ဘူး။ သူနဲ့ထိုက်တဲ့ အပြစ်ဒဏ်ကတော့ သူခံရမယ်လို့ ကျောင်းက တာဝန်ရှိသူတွေက ပြောတယ်''ဟု ဆိုသည်။ သားဖြစ်သူ၏ အသက်ဆုံးပါးသွားသည်အထိ လက်သီး ဖြင့် ထိုးခဲ့သူအားလည်း မည်သို့မျှ လက်တုံ့ပြန်လိုစိတ်မရှိဟုဆိုသည်။ ''သူတို့ကို ဘာမှလုပ်ဖို့ ဒီနေ့အထိ အစီအစဉ်မရှိဘူး။ အဟောင်းတွေက အသစ်အသစ် ပြန်ပြန် မဖြစ်ချင်တော့ဘူး''ဟု တရားနှင့်သာဖြေ မည်ဟု ဆိုသည်။

ဗိုလ်လောင်းအောင်ညီညီဇော် မဆုံးခင် တပတ်အလိုတွင် ၎င်း၏မိခင်၊ ဖခင်တို့အား ဖုန်းဖြင့်ဆက်သွယ်၍ စကားပြောဖြစ် သေးသည်ဟုဆိုသည်။ ညီညီဇော်သည် အမိ၊ အဖအပေါ်တွင် မည်သည့်အခါကမျှ စိတ်ညစ်ညူးငြိုငြင်အောင် မပြုလုပ်သည့် လူငယ်တဦးဖြစ်ပြီး ၎င်း၏အခက်အခဲများအားလည်း မိဘများ စိတ်မချမ်းမြေ့မည်ကို စိုးသောကြောင့် ဖွင့်ဟပြောကြားခြင်းမရှိဟု ဆိုသည်။ ''သူ့အခက်အခဲတွေကို မိဘကို မပြောဘူး။ အဆင်ပြေတယ်ပဲ ပြောတာ။ သူ့ညီအစ်ကိုမောင်နှမတွေကိုတော့ စီနီယာ ဂျူနီယာအုပ်ချုပ်ပုံကြောင့် နှိပ်စက်ခံရတဲ့ အကြောင်းတွေ ပြောတာတော့ကြားတယ်''ဟု ဆိုသည်။

ဗိုလ်လောင်းအောင်ညီညီဇော်သည် မွေးချင်းများထဲတွင် အငယ်ဆုံးဖြစ်ပြီး ၎င်း၏အထက်တွင် အစ်ကိုနှစ်ဦးရှိသည်။ ညီညီဇော်သည် ငယ်စဉ်ကတည်းက အတန်းတိုင်းတွင် ထူးချွန်ဆုများဖြင့် အောင်မြင်ခဲ့ပြီး ဆယ်တန်းစာမေးပွဲတွင်လည်း အမှတ်ပေါင်း လေးရာကျော်အထိ ရရှိခဲ့ပြီး ၎င်း၏ဆန္ဒအရ ဗိုလ်လောင်းတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့သည်ဟု ဆိုသည်။

''သူက စစ်တက္ကသိုလ်တက်ချင်တယ်ပြောတော့ ကိုယ်က မခွဲနိုင်လို့မလုပ်ပါနဲ့သားရယ်လို့တော့ တားခဲ့သေးတယ်။ ဒါပေမဲ့ သူ့အဖေကလည်း သားကကောင်းတဲ့လမ်းကို ရွေးတာပဲ။ သူကလည်း စိတ်အား ထက်သန်တော့ တားမရခဲ့ဘူး''ဟု အောင်ညီညီဇော်၏မိခင် ဒေါ်ခင်စန်းလွင်က ပြောသည်။ ဒေါ်ခင်စန်းလွင်က သူ၏သားစစ်တက္ကသိုလ်တက်လျှင် တနယ်စီခွဲရမည်ဖြစ်သည့်အတွက် မခွဲနိုင်သဖြင့် စစ်တက္ကသိုလ်တက်သည့် ပထမနှစ်တနှစ်လုံး သားကိုလွမ်းသည့်ဝေဒနာဖြင့် နေ့စဉ် ငိုကြွေးခဲ့ရသည်ဟု ဆိုသည်။

အောက်တိုဘာ (၇)ရက်က ဆုံးပါးခဲ့သည့် ဗိုလ်လောင်းအောင်ညီညီဇော်၏ ရက်လည် သပိတ်သွတ်ဆွမ်းကျွေးအတွက် သူ၏မွေးရပ်မြေ က၀မြို့နယ် အုန်းနှဲရွာတွင် အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည်။ ''ပြဿနာတခုဖြစ်တိုင်း ၀ုန်းဝုန်း ဒိုင်းဒိုင်းနဲ့အချိန်တန်တော့လည်း သွေးအေးသွားကြတယ်။ နောက်ဆုံးဖြစ်စေချင်တာ က ကျွန်တော့်သားလေးရဲ့ အဖြစ်အပျက်ကို အစဉ်သတိရပြီး ပြုပြင်ပြောင်းလဲသင့် တဲ့ဟာတွေ ပြောင်းလဲစေချင်တယ်။ အသက်နဲ့ရင်းပြီးတော့ ပေးဆပ်ခဲ့ရတဲ့ သင်ခန်းစာဖြစ်တာကြောင့် ကျွန်တော့်သားလေးကို ဥပမာပြုပြီး စံနမူနာအဖြစ်အနေနဲ့ စစ်တက္ကသိုလ်မှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်စေချင်တယ်''ဟု ဦးခင်ဇော်ဝင်းက ပြောသည်။ ဗိုလ်လောင်းညီညီဇော်၏ မိခင် ဆန္ဒကတော့ ''သားလေး ကောင်းရာမွန်ရာရောက်ပါစေ။ နောင်ဘ၀အဆက်ဆက်မှာ ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဒီလိုအဖြစ် ဆိုးမကြုံရပါစေနဲ့ သူများတွေလည်း မဖြစ်ပါစေနဲ့။ ကောင်းရာမွန်ရာရောက်ပါစေ။ ဒါပဲ အန်တီတို့တတ်နိုင်တော့တယ်''ဟု ဆုတောင်းစကားသာ ပြောကြားခဲ့တော့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သားလေး ကောင်းရာ ဘုံဘ၀ရောက်ပါစေလို့ ဆုတောင်းရုံပဲ တတ်နိုင်တော့တယ် သားလေး ကောင်းရာ ဘုံဘ၀ရောက်ပါစေလို့ ဆုတောင်းရုံပဲ တတ်နိုင်တော့တယ် Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.