ဖိလစ်ပိုင် ကန် ဆက်ဆံရေး တင်းမာ


ဖိလစ်ပိုင်သမ္မတ ဒူးတာတေးက သူတိုနိုင်ငံကို အမေရိကန်ပြည်ထောင်စုက လက်နက်တွေရောင်းချဖို့ ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီကိစ္စကို သူဂရုမစိုက်ကြောင်း၊ အမေရိကန်က မရောင်းရင် ရုရှားနဲ့ တရုတ် အစိုးရတွေထံက ဝယ်ယူမှာဖြစ်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင် ဗိုလ်ချုပ်ကြီးတွေကို သူ ရုရှားကိုစေလွတ်ခဲ့ကြောင်း၊ ရုရှားတွေက မိမိတို့ကို ဘာမှမစိုးရိမ်နဲ့ မင်းတို့လိုချင်တာအားလုံး ငါတို့ပေးမယ်လို့ ပြောခဲ့သလို တရုတ်နိုင်ငံကလည်း ငါတို့ဆီလာ၊ လက်မှတ်သာထိုး၊ မင်းတို့ လိုသမျှပို့ပေးလိုက်မယ်လို့ ကတိပေးထားကြောင်း ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတဟာ ဒီရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုကို နေ့စဉ်ရက်ဆက် ဆိုသလို ပြင်းထန်တဲ့စကားလုံးတွေနဲ့ တိုက်ခိုက်ဝေဖန်နေပါတယ်။ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ နဲ့ စစ်တပ်က မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆောင်ရွက်နေရာမှာ လူအမြောက်အများကို နေ့စဉ်သတ်ဖြတ်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက တရားဥပဒေ လေးစားဖို့ပြောဆိုတာကို ဒူတာတေးက အကြီးအကျယ် အမျက်ထွက်နေပါတယ်။

သူက အမေရိကန်သမ္မတ အိုဘားမားကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပစ်တင်ရှုတ်ချရင်း အမေရိကန်ပြည်ထောင်စု အပေါ်ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်မယ်၊ တချိန်ချိန်မှာ လမ်းခွဲမယ်လို့လည်း မနေ့ကပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူပြောခွင့်ရသူကတော့ ဖိလစ်ပိုင်အစိုးရထံကနေ နှစ်နိုင်ငံဆက်ဆံရေးပြောင်းလဲဖို့ တစ်စုံတရာ အကြောင်းကြားချက် အခုအချိန်ထိ မရရှိသေးပါဘူးလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဖိလစ်ပိုင် ကန် ဆက်ဆံရေး တင်းမာ ဖိလစ်ပိုင် ကန် ဆက်ဆံရေး တင်းမာ Reviewed by THITHTOOLWIN on 12:13 Rating: 5
Powered by Blogger.