၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

နေပြည်တော် သင်္ဂဟဟိုတယ်မှာ အောက်တိုဘာလ ၁ ရက်နေ့က ၅၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်အခမ်းအနား ကျင်းပစဉ်။ Photo: Win Ko Ko Latt/RFA
အကြမ်းဖက်မှုအပါအဝင် မှုခင်းအမျိုးမျိုးကို ထိန်းချုပ်နိုင်ဖို့အတွက် တရားစီရင်ရေးစနစ်အပေါ်မှာသာ မှီခိုအားထားခြင်းမပြုဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင်ရရှိရေး ကဏ္ဍပေါင်းစုံတို့က ပူးပေါင်းဖို့ လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၅၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည် အခမ်းအနားမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက မှုခင်းအမျိုးမျိုးဟာ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ပြဿနာတွေ နဲ့ ဆက်နွယ်နေတာကြောင့် တရားစီရင်ရေးစနစ်ပေါ်မှာပဲ အားမထားဖို့ ပြောခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံတော်အဆင့် ဖြေရှင်းရမယ့် ပြဿနာဖြစ်နေပြီး မူးယစ်ဆေးဝါးမူဝါဒရေးဆွဲရာမှာ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကိုလည်း အလေးထားစဉ်းစားရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းကလည်း လူမှုကွန်ရက်တွေကတဆင့် လူတစ်ဦးတစ်ယောက် ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်တာတွေ၊ ငွေကြေးတောင်းခံတာတွေ ကျူးလွန်လာကြသလို ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို မှုခင်းသားကောင်အဖြစ် ပစ်မှတ်ထားလာတာကို တွေ့ရတယ်လို့ အခမ်းအနားမှာ ပြောပါတယ်။

အဲဒီအခမ်းအနားမှာ အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူ မိန်းကလေး နှစ်ဦး နှိပ်စက်ညှင်းပန်းခံရတဲ့ ကိစ္စကို ဖော် ထုတ်ရေးသားခဲ့တဲ့ Myanmar Now သတင်းဌာနက သတင်းထောက်ချုပ် ကိုဆွေဝင်း အပါအဝင် အရပ်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်အချို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့  ရဲတပ်ဖွဲ့က အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ  ၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.