စည်ပင်တွင် ဖမ်းပိုင်ခွင့်အာဏာမရှိ၊ စည်ပင်သည် ဖိလစ်ပိုင်သမ္မတမဟုတ်ဟု မြို့တော်ဝန်ပြော


ရန်ကုန်မြို့တော်စည်ပင်သည် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည့်တာဝန်ရှိပြီး အများပြည်သူပိုင်လမ်းများ၊ လူသွားပလက်ဖောင်းများပေါ်တွင် လမ်းပိတ်ဆို့ကာ စည်းကမ်းချိုးဖောက်၍ဈေးရောင်းချနေသူများကို ဖမ်းဆီးပိုင်ခွင့်အာဏာမရှိကြောင်း၊ စည်ပင်သည် ဖိလစ်ပိုင် သမ္မတ မဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားလိုက်သည်။

အောက်တိုဘာ ၁၁ ရက်နေ့ကကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် စမ်းချောင်းမြို့နယ်မဲဆန္ဒနယ် အမှတ်၂ လွှတ်တော်ကိုယ်စား လှယ်ဦးသော်တာအောင်၏ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ လူနေအိမ်အဆောက်အဦများ၏ ဥပစာနေရာများတွင် လမ်းဘေးကပ်တုန်းများကို ယာဉ်မရပ်ရ သင်္ကေတ ဖြူနီကြားဆေးချယ်သမှုအစား ယာဉ်ရပ်နိုင်သောသင်္ကေတဆေးရောင်ဖြင့် ပြောင်းလဲခြယ်သပေးပြီး ယာဉ်စည်းကမ်းနှင့်အညီ ရပ်တန့် နိုင်စေရေးနှင့် ပလက်ဖောင်းများပေါ်တွင် ရောင်းချနေသောဈေးသည်များ၊ ကား work-shop များရှိနေသည့်အတွက်ကြောင့် လမ်းသွားလမ်းလာပြည်သူများ သွားလာရေးအခက်အခဲဖြစ်နေမှုများကို စည်းကမ်းနှင့်အညီ ထိန်းသိမ်းကြပ်မတ်ပေးရန်မေးမြန်းခဲ့ရာ မြို့တော်ဝန်က အထက်ပါအ တိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

"ဒါတွေက စနစ်မှားတဲ့အချက်တွေပါ။ ကားလမ်းကို စနစ်တကျ ကားရပ်လို့ရမဲ့ ကားပါကင်တွေ ပြန်လုပ်ဖို့ စဉ်းစားရပါမယ်။ လူသွားလမ်းပေါ်မှာလည်း လူတွေလမ်းလျှောက်နိုင်တဲ့အထိကို စဉ်းစားရပါမယ်။ နောက်တချက် ကျွန်တော် စည်ပင်ဝန်ကြီးတဦးအနေနဲ့ ဖြေပါရစေ။ စည်ပင် သာယာရဲ့လုပ်ငန်းဆိုတာ လူထုကို ဖြည်းဆည်းပေးတဲ့ လုပ်ငန်းပါ။ လမ်းမကောင်းရင် လမ်းကို ပြန်ပြင်ရမယ်။ ပလက်ဖောင်းအင်္ဂါရပ်နဲ့မညီရင် ပလက်ဖောင်းကို ပြန်ပြင်မယ်။ လိုအပ်တဲ့နေရာတွေကို အကုန်လုံး ပြန်ဖြည့်ဆည်းပေးရပါ့မယ်။ သို့သော်လည်း အသုံးပြုတဲ့သူတွေက ပြည်သူလူထုဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စည်းကမ်းမရှိ သုံးသွားလို့ရှိရင် စည်ပင်ကဖြည်းဆည်း ပေးရပါတယ်။ ကျွန်တော်တို့မှာ ဖမ်းပိုင်ခွင့်အာဏာမရှိပါဘူး။ စည်ပင်သည် ဖိလစ်ပိုင်သမ္မတ မဟုတ်ပါဘူး။ သုံးတဲ့သူတွေ စနစ်တကျ စည်းကမ်းရှိဖို့ဆိုရင် စည်ပင်တခုတည်းနဲ့ မရပါဘူး။ စည်ပင်မှာ အာဏာမရှိပါဘူး'' ဟု မြို့တော်ဝန် ကပြောသည်။

စည်ပင်ဥပဒေတွင်ပါရှိသော ပုဒ်မတစ်ချို့တွင် ရဲအရေးပိုင်သည့်ပုဒ်မများဖြစ်သည်ဟု ပြဌာန်းထားကြောင်း ယင်းအတွက် ပလက်ဖောင်းများတွင် ပိတ်ဆို့ရောင်းချနေမှု၊ ဥပဒေချိုးဖောက်မှုများကို တစုံတရာ စီမံဆောင်ရွက်ပေးနိုင်ပါရန် ဦးသော်တာအောင်က ထပ်ဆင့်မေးမြန်းခဲ့သည်။

"စည်ပင် ဒီလောက်မရပါဘူး။ စည်ပင်မှာမလုပ်ရဘူး။ လုပ်ရင် အရေးယူရမယ်ဆိုတာပါတယ်။ အရေးယူပြီးရင် တရားရုံးပို့ရပါတယ်။ တရားရုံးပို့ရင် တရားခံခေါ်ဖို့ဆိုတာ စည်ပင်အတွက် တော်တော်ခက်ခဲပါတယ်။ စည်ပင်တခုတည်းနဲ့မနိုင်ပါဘူး။ စည်ကမ်းထိန်းသိမ်းဖို့ အားလုံး ဝိုင်းဝန်းဆောင်ရွက်မှရမှာပါ'' ဟု မြို့တော်ဝန်က ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
စည်ပင်တွင် ဖမ်းပိုင်ခွင့်အာဏာမရှိ၊ စည်ပင်သည် ဖိလစ်ပိုင်သမ္မတမဟုတ်ဟု မြို့တော်ဝန်ပြော စည်ပင်တွင် ဖမ်းပိုင်ခွင့်အာဏာမရှိ၊ စည်ပင်သည် ဖိလစ်ပိုင်သမ္မတမဟုတ်ဟု မြို့တော်ဝန်ပြော Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.